သံလွင်ခက်
မေ ၁၈၊ ၂၀၂၃။
ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်း တိုက်ခတ်ခံရပြီးနောက် မုန်တိုင်းဒဏ် နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် NUG နှင့် ညီနောင်မဟာမိတ် တော်လှန်ရေးအဖွဲ့များက ကျပ်သိန်း ၅၀၀၀လှူဒါန်းထားသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်က ကျပ်သိန်း သုံးထောင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထံမှ ကျပ်သိန်းတစ်ထောင် အပါအဝင် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/ MNDAA) အဖွဲ့တို့က ကျပ်သိန်းတစ်ထောင်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါလှူဒါန်းငွေများကို ရခိုင်အမျိုးသားအဖွဲ့ချုပ်ထံသို့ အသီးသီး ပေးပို့ထားပြီးဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးကော်မတီက ထုတ်ပြန်သည်။
မေလ ၁၄ ရက်နေ့က ဝင်ရောက်ခဲ့သည့် မိုခါ (MOCHA) မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိလူဦးရေ၏ ၁.၅ မီလီယံခန့် ထိခိုက်မှုဒဏ်ကိုခံစားခဲ့ရသည်ဟု ရက္ခိုင့်တပ်တော် (ULA/AA) က ဖွဲ့စည်းထားသည့် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မုန်တိုင်းကြောင့် သေဆုံးသူများရှိသလို ရခိုင်ပြည်သူများ သုံးရေနှင့် သောက်သုံးရေအပါအဝင် ဆေးဝါးနှင့်ကျန်းမာရေးထောက်ပံ့မှုများ အရေးပေါ် လိုအပ်နေသည်ဟု ဆိုသည်။
ထို့ပြင် ဆေးရုံများ၊ ကျောင်းများအပါအဝင် အများပြည်သူနှင့် သက်ဆိုင်သည့် အခြေခံ အဆောက်အအုံ လေးသိန်းကျော် မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်ခံရသည့် မြို့နယ်အများစုမှာ အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများလည်း ပြတ်တောက်ခဲ့ပြီး နိုင်ငံတကာနှင့် ပြည်တွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများထံမှ အကူအညီများလည်း လိုအပ်လျှက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မုန်တိုင်းသင့် ရခိုင်ပြည်သူ၊ ပြည်သားများအတွက် နိုင်ငံတကာမှ လှူဒါန်းလိုသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားသည့် လူပုဂ္ဂိုလ်များတွင် လှူဒါန်းနိုင်ပြီး မြန်မာပြည်တွင်းမှ လှူဒါန်းလိုသည့် အလှူရှင်များအတွက် လုံခြုံရေး အဆင်ပြေမည့် ဘဏ်အကောင့်များ ပြုလုပ်နေသည်ဟု ရက္ခိုင့်တပ်တော် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ကော်မတီဥက္ကဌ Dr. ညိုထွန်းအောင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
ပုံစာ–မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်က တိမ်ညို စစ်ဘေးရှောင်စခန်းမြင်ကွင်း။
Photo – Crd
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1107
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4379
Website ->https://eng.thanlwinkhet.net