ယမင်းဖူးပွင့်အောင်
မေ ၁၈၊ ၂၀၂၃။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခြင်းခံခဲ့ရသည်ဟုဒေသခံများထံက သိရသည်။
တနင်္သာရီမြို့နယ် ၊ဘန်းလမွတ်ကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာကြားတွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကိုယမန်နေ့ နံနက် ၈ နာရီခန့်တွင် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
အဆိုပါ မိုင်းခွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်သေဆုံးပြီး ရှစ်ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ခြေလျင်တက်လာကြတာ။ အထုပ်အပိုးတွေနဲ့ပေါ့။ မိုင်းကွင်းနား ၁၀ ယောက်လောက် ရောက်လာတဲ့အချိန်မှာ မိုင်းဆွဲလိုက်တာပါ” ဟု၎င်းက ပြောသည်။
ဘန်းလမွတ်ကျေးရွာမှ ထွက်ခွာလာသော အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ယင်းသို့မိုင်းဆွဲ တိုက်ခိုက်မှုအပြီးတွင် တနင်္သာရီမြို့အနီးရှိ စစ်ကောင်စီ အမြောက်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ဦးတည်ရာမဲ့ ပစ်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီနှင့် အနီးကပ်သွားလာခြင်းကို ရှောင်ကျဉ်ကြရန်နှင့် အာရှလမ်းမကြီးအပေါ်တွင် ဖြတ်သန်းမောင်းနှင်ပါက ပြတင်းပေါက်မှန်ကို ချ၍ မောင်းနှင်ပေးပြီး စစ်ရေးထုတ်ပြန်ချက်များကိုတိတိကျကျလိုက်နာ ပူးပေါင်းဆောင်ရွက်စေလိုသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
လွန်ခဲ့သည့် ဧပြီလ ၇ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ပုံစာ– (လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမြင်ကွင်း/ပုံဟောင်း)
Photo-Cj
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1105
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4375
Website ->https://eng.thanlwinkhet.net