ကောင်းချစ်အောင်
မေ ၁၈၊ ၂၀၂၃။
ဝက်လက်အခြေစိုက် Local PDF တပ်ဖွဲ့ဝင်နှစ်ဦး ထောင်ဒဏ်၁၀နှစ်ချမှတ်ခံရမှုအတွက် အယူခံတင်နိုင်ရန်တရားသူကြီးထံ အမှုတွဲတောင်းဆိုခဲ့ရာ တရားသူကြီး၏ မချေမငံပြောဆိုမှုနှင့်ကြုံခဲ့ရသည်ဟုအမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် GZအဖွဲ့ကိုယ်စားလှယ်ကိုနေမင်းခန့်က သံလွင်ခက်ကိုပြောသည်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးကျေးရွာ ပ.က.ဖ ခေါင်းဆောင် မောင်စန်းအား သတ်ရန်ကြံစည်ပစ်ခတ်မှုဖြင့် GZ Special Task Force တပ်ဖွဲ့ဝင်ရဲဘော်နှစ်ဦးကို NUG တရားရေးဝန်ကြီးဌာနလက်အောက်ရှိ ဝက်လက်မြို့နယ်တရားရုံးက မေလ ၉ရက်တွင် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီ ၁၉ရက်တွင် ဆားတောင်ကြီးကျေးရွာ ပ.က.ဖခေါင်းဆောင် မောင်စန်း သေနတ်ဖြင့် ပစ်ခတ်ခံရ၍ပေါင်တွင်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားပြီးနောက် ဝက်လက်မြို့နယ် ပ.က.ဖ လက်အောက်ခံ တပ်ရင်း၂ က GZ တပ်ဖွဲ့ဝင်ရဲဘော် ၁၉ဦးကို ဖမ်းဆီးခဲ့သည်။
ထို့နောက် တပ်ဖွဲ့ဝင် ၁၅ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး
ကိုချစ်သဲမောင်၊ ကိုချစ်ဦးမောင်၊ ကိုအီကိုနှင့် ကိုဖိုးနီတိုးလေးဦးကို ပုဒ်မ ၃၀၇/၁၁၄ ဖြင့် တရားစွဲထားခဲ့သည်။
အဆိုပါတရားစွဲဆိုခံထားရသည့် လေးဦးအနက် အသက်၁၈နှစ်အရွယ် ကိုအီကိုနှင့် အသက် ၃၇နှစ်အရွယ် ကိုဖိုးနီတိုးတို့နှစ်ဦးကို ကာယကံရှင်များ၏ ဖြောင့်ချက်ပေးမှုကြောင့် NUG တရားရေးဝန်ကြီးဌာနလက်အောက်တရားသူကြီး ဦးစိုးမြင့်က ထောင်ဒဏ်ဆယ်နှစ်စီချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ပ.က.ဖ ခေါင်းဆောင် မောင်စန်းကပြောသည်။
“GZခေါင်းဆောင်ရဲ့ ခိုင်းစေချက်ကြောင့်ပစ်တာလို့ သူတို့နှစ် ယောက်က တရားရုံးနဲ့ရဲစခန်းမှာ ဝန်ခံတာပါ“ဟု ၎င်းက ဆိုသည်။
GZ ရဲဘော်နှစ်ဦးအား ထောင်ဒဏ်ချမှုသည် မတရားသဖြင့် စီရင်ချက်ချခြင်းဖြစ်ပြီး အမှုတွဲပါအချက်အလက်များ၊ နှစ်ဘက်သက်သေထွက်ဆိုချက်များအပေါ် အခြေခံကာ တရားရေးဝန်ကြီးဌာနထံသို့ အယူခံဆက်လက်ဝင်သွားမည်ဟု အမှုတွင်လိုက်ပါဆောင်ရွက်ပေးနေသည့် GZအဖွဲ့ကိုယ်စားလှယ် ကိုနေမင်းခန့်က သံလွင်ခက်ကိုပြောသည်။
“ကျွန်တော်ရိုရိုသေသေနဲ့ အယူခံဝင်ဖို့ အမှုတွဲကိုသွားတောင်းတယ်။ အဲဒါကိုမပေးနိုင်ဘူး။ ဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ပါမှရမယ်။ ခုလိုစကားလက်ခံပြောပေးတာတောင် လွန်လှပြီလည်းပြောတယ်။ အဲလိုမချေမငံပြောတာဟာ ဦးစိုးမြင့်က NUG ရဲ့ လွတ်လပ်မျှတတဲ့ တရားစီရင်ရေးဆိုတဲ့ ဆောင်ပုဒ်ကို စိန်ခေါ်လိုက်တယ်လို့ယူဆတယ်“ဟု ကိုနေမင်းခန့်ကပြောသည်။
အဆိုပါအမှုကို စီရင်ချက်ချခဲ့သည့် တရားသူကြီး ဦးစိုးမြင့်ထံ သံလွင်ခက်က ဆက်သွယ်မေးမြန်းခဲ့ရာတွင်ထောင်ဒဏ် ၁၀နှစ်စီချမှတ်ခြင်းကိုသာ အတည်ပြုဖြေကြားခဲ့ပြီး အမှုကိစ္စဆက်လက်မေးမြန်းရာ အစည်းအဝေးအကြောင်းပြ၍ ဖုန်းချသွားခဲ့သည်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့် ရဲဘော်နှစ်ဦးအတွက် အယူခံတင်နိုင်ရန် အမှုတွဲအချက်အလတ်များရရှိရန်ခက်ခဲနေသည့်အပြင် ကာယကံရှင်မိသားစုဝင်များသည်ပင် ခြိမ်းခြောက်မှု ခံနေရသည်ဟု သိရသည်။
“ကျွန်မကို လူသတ်သမားရဲ့မိန်းမ မလို့ဆိုပြီး ဆားတောင် ပ.က.ဖ မောင်စန်းက ရွာထဲအဝင်မခံဘူး ဘယ်သွားသွားအသက်အာမမခံဘူးလို့လည်းပြောတယ်“ဟု ကိုဖိုးအီတိုး၏ဇနီးဖြစ်သူကပြောသည်။
ဝက်လက်မြို့နယ်အတွင်း၌ Local PDF အဖွဲ့များနှင့် NUG လက်အောကအခံ မြို့နယ် ပ.က.ဖ တို့အကြား ပဋိပက္ခဖြစ်ပွားမှုများ ရှိနေခဲ့ပြီး ၂၀၂၂ခုနှစ်၊ ဩဂုတ် ၃၁ရက်တွင် နေမျိုးအောင်ခေါင်းဆောင်သည့် ဝက်လက်မြို့နယ်ပ.က.ဖနှင့် လက်အောက်ခံတပ်ရင်း ၂တို့က Local PDFအဖွဲ့တစ်ခုမှ ကိုရန်လင်းထွန်းနှင့် ကိုစိုင်းမောင်မောင်တို့နှစ်ဦးကို ပစ်သတ်အလောင်းဖျောက်ဖျက်မှုကျူးလွန်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပ.က.ဖနှင့် တပ်ရင်း၂တို့အား ပြည်ထောင်စုကာကွယ်ရေးနှင့် လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု-UDLAအပါအဝင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၃၉ဖွဲ့စုပေါင်းကာ ကန့်ကွက်ရှုတ်ချခဲ့ပြီးအရေးယူပေးရန်တောင်းဆိုခဲ့သော်လည်း NUGအနေဖြင့် လက်ရှိချိန်ထိ ဖြေရှင်းပေးခြင်းမရှိဟု သိရသည်။
“ကျွန်တော့်ရဲဘော်တစ်ယောက်နဲ့ ထောက်ပို့တစ်ယောက်ကို ရပ်ကျေး ပ.က.ဖ နဲ့တပ်ရင်း၂က သတ်ပြီး အလောင်းဖျောက်သွားတာရှိတယ်။ NUGအနေနဲ့အဲလိုကိစ္စရပ်တွေကိုအရေးမယူဘဲ ကျွန်တော်တို့ localအဖွဲ့ကိုမှ ပြစ်ဒဏ်ချတာ မတရားဘူး“ဟု GZ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုအောင်ကျော်မျိုးထက် ကပြောသည်။
GZ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုအောင်ကျော်မျိုးထက် ကိုလည်း ယခုနှစ် မေလ၆ရက်၊ ရက်စွဲဖြင့် ဝက်လက်မြို့နယ် ပ.အ.ဖ တရားရုံးက ဝရမ်းထုတ်ပြန်ထားသည်။
ဖမ်းဆီးခံ GZ ရဲဘော်များ ပြန်လွှတ်ပေးရေးနှင့် ဥပဒေအရကာကွယ်မှုပေးရန် ပြည်သူငါးရာ၏ သဘောထားလက်မှတ်များစုဆောင်း၍ NUG တရားရေးဝန်ကြီး ဦးသိန်းဦးထံ မတ်လ ၁၁ရက်တွင် ပေးပို့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါတိုင်ကြားစာများကို NUG တရားရေးဝန်ကြီးဌာနက သေချာအကြောင်းမပြန်ခဲ့သည့်အပြင် ဆန္ဒပြပွဲအပြီးနှစ်လခန့်အကြာတွင် GZ ခေါင်းဆောင်ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ဖမ်းဆီးခံ GZရဲဘော်နှစ်ဦးလည်း ထောင်ဒဏ်ချက်မှတ်ခံလိုက်ရသည်။
အဆိုပါအမှု ကိစ္စများနှင့်ပတ်သတ်ပြီး သံလွင်ခက်က NUGတရားရေးဝန်ကြီးဌာနထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မေလ ၁၇ရက်ညအထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ဝက်လက်မြို့နယ်အတွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခများကို အမြန်ဆုံးဖြေရှင်းနိုင်ရန် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအနေဖြင့် အချက်အလက်များစုဆောင်းနေပြီး တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု ယခုနှစ် ဧပြီ ၆ရက်တွင်ကျင်းပသည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ဝန်ကြီးချုပ်ဦးမန်းဝင်းခိုင်သန်းကဆိုထားသည်။
ပုံစာ–ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံလိုက်ရသည့် GZအဖွဲ့ ရဲဘော် ကိုအီကိုနှင့် ကိုဖိုးနီတိုး ။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1103
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4368
Website ->https://eng.thanlwinkhet.net