ယမင်းဖူးပွင့်အောင်
မေ ၁၇၊ ၂၀၂၃။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကာလ အလွန်တွင် ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသည့် မိုင်းများကို တွေ့ရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းကို အကြောင်းကြားရန်နှင့် မြေမြှုပ်မိုင်းအန္တရာယ်ကို သတိပြုရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို အသိပေးပြောဆိုထားသည်။
မုန်တိုင်းအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲနိုင်သော လက်နက်ခဲယမ်းတို့သည် မိုးကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ကြောင့် နေရာရွေ့လျားနိုင်ပြီး ချို့ယွင်းမှုဖြစ်ပေါ်နိုင်သောကြောင့် သတိထားကြရန် လိုအပ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
မြေမြှုပ်မိုင်းအများစုသည် လက်လုပ်ပစ္စည်းများဖြစ်သောကြောင့် ရေစိုခံနိုင်ခြင်းမရှိသလို မိုင်းပေါက်ကွဲမှုဖြစ်ပွားပါက ပေ ၁၀၀ ပတ်လည်အတွင်း ထိခိုက်နိုင်သည်ဟု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“မိုင်း တပ်ဆင်တဲ့ ပစ္စည်းတွေက ရေစိုမခံဘူး။ ရေလေးနည်းနည်းထိရင်ကို ရှော့ဖြစ်တာပေါ့။ မိုင်းကွဲတဲ့နေရာမှာပြည်သူရှိနေရင် ပေ ၁၀၀ ပတ်ပတ်လည်က မလွတ်ဘူး” ဟု ၎င်းကပြောသည်။
မိုင်းပေါက်ကွဲမှုပြင်းအားသည် မိုင်းဖော်စပ်ထုတ်လုပ်သူအပေါ် မူတည်ပြီး များသောအားဖြင့် ပြင်းအားများတတ်သည်ဟု ၎င်းကဆက်ပြောသည်။
စစ်ကျန်လက်နက်ပစ္စည်းများကို မီးရှို့ခြင်း၊ ပစ်ပေါက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း ထုရိုက်ခြင်းအပါအဝင်ကိုင်တွယ်ခြင်း နေရာရွှေ့ခြင်း လုံးဝ လုံးဝ မပြုလုပ်သင့်ဟု မိုင်းအန္တရာယ်ပညာပေးအဖွဲ့များကလည်း သတိပေးထားသည်။
ပြည်သူများအနေဖြင့် အသွားအလာဂရုစိုက်ဆင်ခြင်ကြရန်နှင့် မိုင်းများကိုတွေ့ရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြောင်းကြား အပ်နှံစေလိုသည်ဟု ဆားလင်းကြီး အခြေစိုက် စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် တပ်ရင်း၁၆ တပ်ခွဲ ၁ ၏ တာဝန်ရှိသူတစ်ဦးကလည်း တိုက်တွန်းပြောဆိုထားသည်။
“အသက်မသွင်းရင်တော့ မကွဲနိုင်ဘူး။ မီးမရှို့ကြဖို့နဲ့ မီးထဲမထည့်ကြဖို့ သတိပေးချင်တယ်။ တွေ့ခဲ့ရင်လည်းသက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားပေးဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်”ဟု၎င်းကပြောသည်။
ပြည်သူ့တော်လှန်ရေးတပ်ဦး−PRF ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လွန်းညီကလည်း မကွေးတိုင်း၊ပေါက်မြို့နယ်ရှိလုံခြုံရေးအရမဖော်ပြနိုင်သော အချိူ့နေရာများတွင် ရေတိုက်စားမှုကြောင့် ပေါ်လာသောမိုင်းများကို အချိန်မီသိမ်းဆည်းနေသည်ဟု ဆိုသည်။
“မိုင်းထောင်ပြီဆိုကတည်းက ပြည်သူနဲ့ လွတ်ကင်းတဲ့နေရာတွေကို ရွေးချယ်ပြီးတော့ ရန်သူ့အခြေအနေပေါ်မူတည်ပြီး ထောင်ကြတာပေါ့။ ပြည်သူနဲ့ နီးကပ်တဲ့ နေရာထိ ရောက်သွားတာမျိုးတော့မဖြစ်ဘူး။ ထောင်တဲ့နေရာမှာ ပေါ်လာတာတွေတော့ရှိတယ်”ဟုပြောသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ၁၅၇ ဦးသေဆုံးခဲ့ပြီး ၃၉၅ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု Human Rights Watch ( လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး) အဖွဲ့က ထုတ်ပြန်ထားသည်။
ပုံစာ– မိုင်းအန္တရာယ် အသိပညာပေးနေမှုမြင်ကွင်း။
Photo -Explosive Ordnance Risk Education in Myanmar
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1102
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4365
Website ->https://eng.thanlwinkhet.net