ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မိုခါမုန်တိုင်း အနီရောင်အဆင့် သတ်မှတ်ခံထားရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တချို့က ပြည်သူအများအပြား ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသည်။
ယနေ့ မေလ ၁၃ မနက်ပိုင်းမှ ညနေပိုင်းအထိ တစ်နေ့တည်းတွင် စစ်တွေမြို့ အဝေးပြေးကားကြီးကွင်းမှ မြောက်ဦး၊ ကျောက်တော်ဘက်သို့ တိမ်းရှောင်နေသူ ထောင်ချီရှိနေသည်။
ယနေ့နံနက်ပိုင်းမှ စတင်ပြီး နေ့လယ်ပိုင်းအထိ ကုန်တင်ကားကြီး ၁၀ စီးထက်မနည်း တစ်စီးလျှင် လူဦးရေ ၁၀၀ ခန့် ပြောင်းရွေ့နေကြပြီး ယခုညနေပိုင်းအထိ စစ်တွေမြို့ပေါ် နေထိုင်ကြသော ပြည်သူနှစ်ပုံ ပုံလျှင် တစ်ပုံခန့်သာ ကျန်တော့သည်။
“မင်းဂံရပ်ကွက်မှာဆိုရင် ၈၀ ရာခိုင်နှုန်းလောက် မရှိတော့ဘူး။ အကုန်ရှောင်သွားကြပြီ။ အိမ်စောင့်အဖြစ် တစ်အိမ် တစ်ယောက်ကျ အနည်းစုပဲ ကျန်ခဲ့ကြတာ” ဟု မင်းဂံရပ်ကွက် နေထိုင်သူတစ်ဦးက ပြောသည်။
နေရပ်စွန့် မုန်တိုင်းရှောင် ပြည်သူများမှာ မိမိအစီအစဉ်ဖြင့် ရှောင်တိမ်းကြရခြင်းဖြစ်ပြီး ယခင် စစ်တွေ-မြောက်ဦးကားခ တစ်သောင်းခွဲ ရှိရာမှ ယခုဆိုလျှင် တစ်ဦးလျှင် ငါးသောင်းအထိ သုံးဆကျော် မြင့်တက်သွားသည်။
ထိုသို့ပြည်သူများ အကြောက်တရားနှင့် ဘေးဒုက္ခ ဆိုက်နေကြချိန် ပြောင်းရွှေ့လိုသော ပြည်သူလူထုအား ပြည်နယ်စစ်ကောင်စီက တစ်စုံတစ်ရာ ကူညီစီစဉ်ပေးခြင်းကို မတွေ့ရပေ။
စစ်တွေမြို့တွင်း ကုန်မြင့်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ရှောင်ကြသူများတွင် အသက်ကြီးပိုင်းနှင့် အမျိုးသမီးများအပါအဝင် ကလေးငယ်များလည်း ပါဝင်နေသည်။
မြို့တွင်းပြောင်းရွှေ့ကြသူများကိုလည်း ပြည်နယ်စစ်ကောင်စီက တစ်စုံတစ်ရာ ကူညီပေးခြင်း မရှိကြောင်း မုန်တိုင်းရှောင်ပြည်သူများက ဆိုကြသည်။
“စစ်တွေမြို့မှာ မုန်တိုင်းကို ကြောက်လို့ လူတွေ အများကြီး ဘေးလွတ်မယ် ထင်တဲ့ နေရာ ရှောင်ကြတယ်။ ပြည်သူတွေ စိတ်သောက ဖြစ်နေတဲ့အချိန်မှာ စစ်ကောင်စီအစိုးရက ဘာမှ လုပ်ပေးတာ မရှိဘူး။ အားလုံး ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြေးနေကြရတာ” ဟု စစ်တွေမြို့ခံ တစ်ဦးကပြောသည်။
စိတ်သောကရောက်နေကြရချိန် ကုန်စျေးနှုန်းနှင့် ကားခများပါ တိုးမြင့်တောင်းယူနေမှုကြောင့် အခြေခံလူတန်းစားများအတွက် ပို၍ ခက်ခဲလာနိုင်ကြောင်း မုန်တိုင်းရှောင်ပြည်သူ နောက်တစ်ဦးက ပြောသည်။
“တစ်ခုခု အခက်အခဲဖြစ်ရင် ရခိုင်မှာ ကုန်စျေးနှုန်းတွေ တက်တယ်။ ကားခ စျေးတက်တယ်။ အရေးတကြီး လိုအပ်တဲ့ အရာမှန်သမျှ အကုန် စျေးတက်တယ်။ ပြည်သူတွေ ဒုက္ခရောက်တော့မယ့် အခြေအနေမှာတောင် အခုလို ခေါင်းပုံဖြတ်သလို လုပ်နေကြတာတော့ စိတ်မကောင်းပါ”
ပြည်နယ်စစ်ကောင်စီက မုန်တိုင်းရှောင်ပြည်သူများအား လက်ရှိတွင် တစ်စုံတစ်ရာ ကူညီပေးခြင်း မရှိသော်လည်း ရက္ခိုင့်တပ်တော် (AA) ၏ အာရက္ခပြည်သူ့အစိုးရက မုန်တိုင်းရှောင် ရခိုင်ပြည်သူလူထုအား ကူညီဆောင်ရွက်ပေးနေသည်ကို မြင်တွေ့နေရသည်။
မေလ ၁၀ ရက်မှ ယနေ့အထိ အနီရောင်အဆင့် သတ်မှတ်ခံထားရသည့် ရခိုင်မြောက်ပိုင်း စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်စသည့် မြို့နယ်များမှ မုန်တိုင်းရှောင်ပြည်သူ သိန်းနှင့်ချီ ရှိနေပြီဟု ကူညီဆောင်ရွက်ပေးနေသော ရက္ခိုင့်တပ်တော် (AA) ၏ စာရင်းအရ သိရသည်။
မနက်ဖြန် မေလ ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်မည့် အဆိုပါမုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်တို့တွင် လှိုင်းအလွန်ကြီးနိုင်ပြီး အမြင့်ပေ ၁၄ ပေမှ ၁၈ ပေအထိ ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ နံနက် ၇ နာရီတွင် ထုတ်ပြန်ထားသည်။
ယနေ့ နေ့လယ်ပိုင်း၌ စစ်တွေမြို့ အခြေအနေမှာ မိုးသက်လေပြင်းတိုက်ခတ်နေပြီး မိုးအနည်းငယ် ရွာသွန်းကာ မိုးမှောင်ကျနေသည်။ ယခုမွန်းလွဲပိုင်းတွင်မူ နေ့လယ်ပိုင်းကကဲ့သို့ မဟုတ်ဘဲ မိုးသံ လေသံနှင့် လှိုင်းသံများကိုပါ ကြားလာနေရပြီဖြစ်သည်။