သံလွင်ခက်
မေ ၁၃၊ ၂၀၂၃။
ဆိုင်းကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်ရာ လမ်းကြောင်းတွင် ရခိုင်ပြည်နယ်ပြီးလျှင် ဒုတိယအနီးဆုံးဖြစ်သည့်ချင်းပြည်နယ်တွင် မုန်တိုင်းသတိပေးမှုများ အချိန်မီ ရရှိနိုင်ရန် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အခက်အခဲဖြစ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်နှင့် ထိစပ်ပြီး မုန်တိုင်းအန္တရာယ် ပိုမို ကျရောက်နိုင်သည့် ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်အများစုတွင် ယနေ့ နေ့လည်ပိုင်းအထိ ဖုန်းလိုင်းများ ကောင်းစွာ မရရှိဟု ရန်ကုန်မှ နေထိုင်သည့် အသက် ၄၀ အရွယ် ချင်းအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဖုန်းလိုင်းတွေ ပြန်ရပြီဆိုလို့ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်ဘက်တွေ မနက်ကတည်းက ဆက်နေတာ အခုထိဆက်မရဘူး” ဟု ၎င်းကပြောသည်။
ချင်းတောင်ပိုင်းဖြစ်သည့် ပလက်ဝမြို့နယ်တွင် ဖုန်းလိုင်းရသော်လည်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်များတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။
ယခုနှစ်ပိုင်း၌ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့် မင်းတပ်မြို့နယ်တွင် ယမန်နေ့ ညပိုင်း၌ ဖုန်းလိုင်းများ ပြန်ရနေသည်ဟု ဆိုသော်လည်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မင်းတပ် CDF နှင့် စစ်ဘေးရှောင်များကူညီပေးရေးအဖွဲ့ စသည်တို့မှ တာဝန်ရှိသူ ၆ ဦးထံကို သံလွင်ခက်က ယနေ့နံနက်ပိုင်း၌ ဖုန်းဖြင့် ဆက်သွယ်နေခဲ့ရာ ခေါ်ဆို၍မရခဲ့ပေ။
မင်းတပ်တွင် ဖုန်းလိုင်းများမှာ မရ တစ်ချက်၊ ရတစ်ချက်ဖြစ်နေသည့်အပြင် အင်တာနက်လိုင်း မရရှိသောကြောင့်ပြည်သူများကို သတိပေးမှုများ ပြုလုပ်ရာတွင် လုံလောက်မှု မရှိဟု စစ်ဘေးရှောင်များကို ကူညီနေသူ မင်းတပ်ဒေသခံ တစ်ဦးက ပြောသည်။
“သတိပေးမှုတွေ လုပ်ပေမယ့် ဖုန်းလိုင်း တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး။ မယုံတဲ့ သူတွေလည်း ရှိတယ်။ ပြည်သူတွေ မယုံတာက အစိုးရနဲ့ လည်း တကယ် ဆိုင်တယ်လို့ မြင်ပါတယ်။ ဒါမျိုးက တီဗီ၊ ရေဒီယီုတွေ ကနေ နေ့စဉ်တောက်လျှောက် ကြေညာရမယ့် အနေအထားပါ။ မြေပြင်မှာလည်း တတ်နိုင်သလောက် ကြေညာဖို့ပေါ့။ အဲဒီအစား ဖုန်းလိုင်းတွေ တောင် မုန်တိုင်း ရောက်ခါနီးမှ ပြန်ရတော့ ခက်တယ်” ဟု ၎င်းကပြောသည်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မုန်းတိုင်အန္တရာယ်သတိပေးမှုအနေဖြင့် ယနေ့ည မေ ၁၃ မှစ၍ဆိုင်ကလုန်းမုန်တိုင်း မိုခါ သည် မင်းတပ်မြို့နယ်ထဲ ဝင်ရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ဝန်းကျင် ရှိနိုင်၍ ချောင်းရေကြီးခြင်း၊ မြေပြိုခြင်း၊ နေအိမ်ခေါင်မိုးများ လွင့်စင်ခြင်း၊ သစ်ပင်ပြိုလဲခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများ ဖြစ်နိုင်သောကြောင့် လက်ရှိအချိန် တောင်ယာတဲတွင် နေပြီး ဆူးထိုးကောက်စိုက် တောင်သူများအနေဖြင့် ယနေ့မှစ၍ ကျေးရွာထဲ ပြန်လည် ဝင်ရောက်၍ တစ်ပတ်ခန့် ပြန်နေထိုင်ကြရန်၊ သောက်ရေ၊ အစားအစာ၊ဆေးဝါး၊ ဓာတ်ဆား၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ Power bank လက်နှိပ်ဓာတ်မီးတို့ကို အရေးပေါ်အိတ်(emergency bag) အဖြစ် ထားကြရန် နှင့် ဤသတင်းကို မြို့နယ်အတွင်း နီးစပ်ရာ ပြန်လည် ဖြန့်ဝေကြပါရန်ယနေ့တွင် သတိပေးထုတ်ပြန်ထားသည်။
“မင်းတပ်မှာ အင်တာနက်လိုင်းမရတာ ကြာပြီ။ တချို့ အရေးကြီးသတင်းတွေ ထုတ်ပြန်ရင် မကွေးနယ်စပ်ဘက်မှာသွားသွားသုံးနေကြတာ။ မြို့ပေါ်မှာက အမေတို့ကတော့ ဖုန်းရတဲ့ အချိန်ဆို ညီမကို ဆက်ကြတယ်။ မနေ့ကတော့ဆက်တယ်။ သူတို့ကို မုန်တိုင်းရှိတယ်လို့ သတိပေးလိုက်တယ်။ ဒါပေမယ့် အဲဒီမှာက မုန်တိုင်းထက် လက်နက်ကြီးတို့ လေယာဥ်တို့နဲ့ လာကြဲမှာပဲ ကြောက်နေကြတယ်” ဟု မကွေးမြို့ပေါ်၌ ရောက်နေသည့် မင်းတပ်မြို့ခံ တစ်ဦးကသံလွင်ခက်ကို ပြောသည်။
လက်ရှိဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ ပြင်းအားသည် တစ်နာရီလျှင် အမြင့်ဆုံး မိုင် ၁၃၀ ကျော်အထိတိုက်ခတ်နိုင်ပြီး ရခိုင်ပြည်နယ်မှတစ်ဆင့် ချင်းတောင်တန်းများကို ဖြတ်ကျော်ချိန်၌ မုန်တိုင်းအရှိန်လျော့ကျသွားနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒလေ့လာသူ ဦးဝင်းနိုင်က ပြောသည်။
“ချင်းပြည်နယ်ကို မုန်တိုင်းဖြတ်တဲ့ အချိန်ကျရင်တော့ တစ်နာရီကို မိုင် ၈၀၊ ၉၀ နှုန်းလောက်နဲ့ ဖြတ်နိုင်တယ်။သို့သော် စစ်တွေကမ်းခြေကို ဝင်သလိုမျိုးတော့ မုန်တိုင်း ဒီရေတို့၊ ဘာတို့ ကြောက်စရာတော့ မရှိဘူး။ ဒါပေမယ့်တောင်ပြို မြေပြိုတာတွေကြောင့် ကျောက်တုံးပိတာတွေ ဖြစ်နိုင်တယ်” ဟု ၎င်းက သုံးသပ်ပြောသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယနေ့မှ မေလ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှတစ်ဆင့် ချင်းပြည်နယ်၊ စစ်ကိုင်း၊မကွေး၊ ပဲခူး၊မန္တလေးတိုင်းတို့နှင့် ကချင်ပြည်နယ်တို့အထိ ဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်ထားသည်။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1024
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4247
Website ->https://eng.thanlwinkhet.net