သံလွင်ခက်
မေ ၁၂ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်နှင့်BGF တပ်များက ကာကွယ်ရေး ပူးပေါင်းတပ်စစ်ကြောင်းများရှိရာဘက်သို့ တက်လာသောကြောင့် ယနေ့နံနက်အစောပိုင်းကတည်းက ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု မြဝတီမြို့အနီးစစ်မြေပြင်၌ ရောက်ရှိနေသည့် PDF ရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး မေတ္တာလင်းမြိုင်နှင့် လက်ခတ်တောင်ဘက်မှ စစ်ကောင်စီတပ်စစ်ကြောင်းကကာကွယ်ရေးတပ်ဖွဲ့များရှိရာဘက်တက်လာသောကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။
” ရန်သူကတိုးလာလို့ မနက်ကတည်းကဖြစ်နေတာ။ ၅ နာရီခွဲလောက်ထဲကပစ်နေကြတာ ။ တစ်နေကုန်ပဲ ငြိမ်သွားလိုက် ပြန်ဖြစ်လိုက်နဲ့။ အခုလည်း ရန်သူတိုးလာတို့ ပစ်နေတယ် “ဟု PDF ရဲဘော်တစ်ဦးက ညနေ၄ ကျော်အချိန်တွင်သံလွင်ခက်ကို ပြောသည်။
အဆိုပါတိုက်ပွဲတွင်း၌ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆမတန်ပစ်ခတ်နေသည့်အပြင် နှစ်ဖက်ပစ်ခတ်မှုမရှိချိန်၌လည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု သိရသည်။
” လက်နက်ကြီးတွေရော ပွိုင့်5 ရော ဆက်တိုက်ပစ်နေတာ “ဟု PDF ရဲဘော်တစ်ဦးက လက်နက်ကြီးပစ်ခတ်သံပါရှိသည့် ဗီဒီယိုမှတ်တမ်းပေးပို့၍ သံလွင်ခက်ကိုပြောသည်။
ထိုင်း–မြန်မာနယ်စပ်မြဝတီမြို့ကုန်သွယ်ရေးဇုန်တွင် ပြီးခဲ့သောမတ်လ၂၅ရက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊Federal Wings၊ Golden Eagle၊ ရောင်နီ စသည့် ပူးပေါင်းစစ်ကြောင်းများက မြဝတီမြို့အနီးနေရာများကိုဖြန့်ကျက်၍ စစ်ဆင်ရေးဖော်ဆောင်ခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့်ဧပြီလအတွင်း၌ ပြင်းထန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှုများရှိခဲ့သည်။ ပြီးခဲ့သောဧပြီလတွင် မြဝတီမြို့အနီးတိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၇၅ ဦးသေဆုံးခဲ့သည်ဟု ပူးပေါင်းစစ်ကြောင်းများကထုတ်ပြန်ထားသည်။
ပုံစာ– ပြီးခဲ့သည့်ဧပြီလတတိယအပတ်တွင်း၌ မြဝတီမြို့အနီးကို စစ်ကောင်စီက ဓာတုလက်နက်ဟု ယူဆရသောလက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့မှု ။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1012
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4215
Website ->https://eng.thanlwinkhet.net