သဇင်
မေ ၁၂၊၂၀၂၃။
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ၊ညောင်ပင်သာကျေးရွာ အစုလိုက်အပြုံလိုက် သေဆုံးသူ ၁၉ ဦး၏ အလောင်းများတွေ့ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
အဆိုပါ သေဆုံးသူများတွင် စစ်ကောင်စီ မိသားစုဝင်များလည်း ပါဝင်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
မေလ ၁၀ ရက် ညနေ ၅ နာရီလောက်ခန့်တွင် တပ်မ(၄၄)လက်အောက်ခံတပ်ရင်း နှင့် ကျိုက်ထိုအခြေစိုက်ခြေမြန်တပ်ရင်း(၂၀၇) ပူးပေါင်းစစ်ကြောင်းက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်ဒေသခံများကဆိုသော်လည်း သံလွင်ခက်က ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
မီးရှို့အလောင်းဖျောက်ခဲ့သည့် ၁၉ ဦးတွင် အသက် ၅ နှစ်မှ ၁၈နှစ်အရွယ်(၇)ဦး၊ အမျိုးသမီး(၈)ဦး နှင့် အမျိုးသား(၄)ပါဝင်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။
ထိုသူများထဲမှ ၂ ဦးမှာ စစ်အစိုးရလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများ၏ မိသားစုဝင်များဖြစ်သည် ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“သေဆုံးသူနှစ်ဦး မိသားစုဝင်တွေက လက်ရှိ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေပါ။သေဆုံးသူထဲမှာပါတဲ့ အမျိုးသမီးတဦးရဲ့ မောင်က စစ်ကောင်စီလက်အောက်ကဗိုလ်မှူး၊ သေဆုံးသူတစ်ယောက်ထဲက သူ့ညီဆိုရင် တပ်ကြပ်ကြီး“ဟု ပြောသည်။
မေလ ၁၀ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ် အစပ် ညောင်ပင်သာကျေးရွာအနီးတွင် KNU၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးကာ စစ်ဗိုလ် ၃ ဦး အရှင်ဖမ်းဆီး ရမိခဲ့သည်ဟုကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောဆိုထားသည်။
ယင်းဖြစ်စဉ်အပြီး ယခုကဲ့သို့ အစုလိုက် မီးရှို့အလောင်းဖျောက်မှု ဖြစ်စဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယနေ့ မေလ ၁၂ရက်နေ့တွင် သေဆုံးသူများ၏ ကျန်ရှိနေသောရုပ်အလောင်းများကို မီးသင်္ဂြိုလ်ရန်စီစဉ်နေပြီးသေဆုံးသူ မိသားစုဝင်များနှင့်လည်း ချိတ်ဆက်ဆက်သွယ်နေသည်ဟု ညောင်လေးပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ ၅ တပ်ခွဲမှူး ဖယ်ခွန်က ပြောသည်။
“ရုပ်အလောင်းတွေကို မီးသင်္ဂြိုလ်ပေးဖို့ သူတို့မိသားစုဝင်တွေကို ဆက်သွယ်ပြီး သင်္ဂြိုလ်ပေးဖို့အတွက် ခေါ်ထားတယ်။ သူတို့လာနိုင် မလာနိုင်ကတော့ အကြောင်းမပြန်သေးပါဘူး။ တကယ်လို့မလာနိုင်ရင်တော့လဲ ကျေးရွာမှာရှိနေတဲ့လူနဲ့ ကျနော်တို့အဖွဲ့တွေကပဲ ရုပ်အလောင်းအားလုံးကုန်တဲ့ထိ မီး သင်္ဂြိုလ်ပေးဖို့စီစဉ်ထားတယ်ဗျ”ဟု ၎င်းကဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နောက်ဆုံးရရှိထားသည့် စာရင်းများအရ သေဆုံးသူ၁၉ဦးထဲတွင် မိသားစု ၃ စုမှ ၁၅ဦးကိုသာအတည်ပြုနိုင်ပြီး ကျန်ရှိသူများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
စစ်အာဏာသိမ်းချိန်မှစ၍ မေလ ၁၁ ရက်နေ့ထိ စစ်ကောင်စီတပ်၏ကျူးလွန်မှုကြောင့် သေဆုံးရသည့် အရပ်သား၃၄၉၀ ဦးထိ ရှိပြီး ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ထားသည်။
ယခုဖြစ်စဉ်မတိုင်မှီကလည်း ဖရူဆို အစုလိုက်အပြုံအလိုက် သေဆုံးမှု ၊ လက်ယက်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ကလေးငယ်များ အပါအဝင် အရပ်သား ၁၆၀ ကျော်သေဆုံးခဲ့သည့် ပဇီကြီးကျေးရွား ဗုံးကြဲမှုဖြစ်စဉ်များ ရှိခဲ့သည်။
ပုံစာ–စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့သည့် ညောင်ပင်သာရွာက နေအိမ်တလုံးမြင်ကွင်း။
Photo-ပေးပို့။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1000
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4199
Website ->https://eng.thanlwinkhet.net