သံလွင်ခက်
မေ ၁၁ ၊ ၂၀၂၃ ။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် နယ်စပ်ရှိ တောင်စလုံးကျေးရွာတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း KNDF B11 မှတပ်ရင်းမှူး အန်းဂျေလို ကျဆုံးခဲ့သည်ဟု ယနေ့ညပိုင်းတွင် KNDF B11 တပ်ရင်းကသတင်းထုတ်ပြန်သည်။
တပ်ရင်းမှူး အန်းဂျေလိုသည် ပြီးခဲ့သည်ရက်ပိုင်း မေ ၈ရက်တွင် ဖြစ်ပွားခဲ့သည့် တောင်စလုံးတိုက်ပွဲ၌ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဥ် မေလ ၉ရက်၊ နံနက်ပိုင်းတွင် ကျဆုံးခဲ့သည်။
တောင်စလုံးတိုက်ပွဲ၌ ကျဆုံးခဲ့ရသော တပ်ရင်းမှူး အန်းဂျေလို၏ ဈာပနအခမ်းအနားအား မေလ ၁၀ရက်တွင်ပြုလုပ်ပေးခဲ့ပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်ဟု KNDF B11 တပ်ရင်းက ဖော်ပြထားသည်။
အဆိုပါ မေလ ၈ရက်၊ တောင်စလုံးတိုက်ပွဲတွင်လည်း KNDF B08 နှင့် ကရင်နီတပ်ပေါင်းစုအထူး ကွန်မန်ဒို တပ်စုမှူး ရဲဘော် ချာစ်ဘိုနီ ဖဲဘူး ကျဆုံးခဲ့သည်ဟု KNDF B08 တပ်ရင်းက ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့်ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့်PNO ပြည်သူ့စစ်တို့ပူးပေါင်းစစ်ကြောင်းထိုးနေသောကြောင့် ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ ယခုလအထိ ထိတွေ့တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည်။
ထိုတိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများအလွန်အကျွံအသုံးပြုနေသည့်အပြင်လေကြောင်းမှလည်း အကြိမ် ၁၀၀ ထက်မနည်း လာရောက်တိုက်ခိုက်ထားသည်ဟု ပူးပေါင်းတပ်များထံမှ သိရသည်။
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်မှ စ၍ ယနေ့ထိ ၃လ နီးပါး နေ့စဥ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲကာလ ကြာမြင့်သည်နှင့်အမျှ ခဲယမ်းများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် စက်သုံးဆီများ လိုအပ်လျှက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် အားဖြည့်ကူညီ လှူဒါန်းပေးပါရန်KNDF B11 တပ်ရင်းက ယနေ့တွင် မေတ္တာရပ်ခံတောင်းဆိုထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်များကို အထူးခုခံတိုက်ခိုက်နေသည့် တပ်ရင်းတစ်ခုဖြစ်သည့် ဖယ်ခုံအခြေစိုက် KNDF B11 မှ ရဲဘော်များသည် လက်ရှိတောင်စလုံးတိုက်ပွဲတွင်း၌ ကျဆုံးမှုများနေပြီး မေလ ၃ရက်တောင်စလုံးတိုက်ပွဲအတွင်း၌လည်း KNDF B11 မှ ရဲဘော် စန်းမိုးကျော်နှင့် ရဲဘော် တင်အောင်မျိုးတို့ ကျဆုံးခဲ့ရသည်။
ပုံစာ– တောင်စလုံးတိုက်ပွဲတွင်း၌ ကျဆုံးခဲ့သော KNDF B11 တပ်ရင်းမှူး အန်းဂျေလို၏ စျာပန။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/990
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4173
Website ->https://eng.thanlwinkhet.net