သံလွင်ခက်
မေ ၁၁၊ ၂၀၂၃။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းက ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ကူညီသူများကပြောသည်။
ရခိုင့်တပ်တော် ULA/ AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးHDCO က လည်း ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နိုင်ရန် သတိပေးထုတ်ပြန်ထားသည်။
ယနေ့နံနက်ပိုင်းမှ စတင်ပြီး မြေပုံမြို့နယ် ငမန်းရဲကျွန်းက ဒေသခံပြည်သူ နှစ်ထောင်ခန့်သည် မင်းပြားနယ် ကြပ်စက်ကျွန်းသို့ တိမ်းရှောင်နေကြပြီဟု ကြပ်စက်ကျွန်း ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“မြစ်ဝဘက်ကသူတွေကတော့ ကျွန်တော်တို့ရွာကို ပြောင်းလာတာ ရှိတယ်။ တခြားရွာတွေမှာလည်း ရောက်နေကြပါတယ်။ မြေပုံမြို့နယ် ငမန်းရဲကျွန်းက သူတွေ ရောက်နေတာ” ဟု ၎င်းက ပြောသည်။
ယခုလတ်တလောတွင် မိုးရွာသွန်းခြင်းမျိုး မရှိသေးသော်လည်း မြစ်ကမ်းနားတွင်နေထိုင်သည့် ဒေသခံပြည်သူများကို တိမ်းရှောင်ကြရန် ပြောထားသည်ဟု ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“အခုတော့နေပူနေတယ်။ ဘာမဖြစ်ဘူး၊ ဒါပေမယ့် မြစ်ကမ်းနဲ့ နီးတဲ့သူတွေကို နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့မြို့ပေါ်မှာတွေ တိမ်းရှောင်နေဖို့ ပြောထားတာရှိတယ်။ နောက်ပြီးရင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို သိမ်းခိုင်းထားတယ်။ ငါးဖမ်းစက်လှေတွေတော့ မထွက်တာကြာပြီ” ဟု ၄င်းကပြောသည်။
မြစ်ကမ်းနားတွင် နေထိုင်သည့် ဒေသခံများ အပါအဝင် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် ပြင်ဖြူမော်ရပ်ကွက်၊ ဆားပြင်ကွင်းရပ်ကွက်၊ ငလပွေ့ရပ်ကွက်၊ သန်ပန်ချောင်းရပ်ကွက် အပါအဝင် မြစ်နားတန်းရပ်ကွက်နှင့်မြေနိမ့်ပိုင်းဖြစ်သည့် စေတီရပ်တောင်ရပ်ကွက်ရှိ ဒေသခံများကိုလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန်သတိပေးထားသည်ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ပင် ဧရာဝတီတိုင်း လပွတ္တာ မြို့နယ်တွင် နေထိုင်သည့် ဒေသခံ ၁၀၀၀ ကျော်သည် မြောင်းမြမြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများနှင့်စာသင်ကျောင်းများတွင် တိမ်းရှောင်နေကြသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း မိုခါကို ယနေ့နံနက်ပိုင်းက အနီရောင်အဆင့် သတ်မှတ်လိုက်ပြီး လူပေါင်း နှစ်သန်းခန့်ထိခိုက်နိုင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်သို့ ဝင်ရောက်နိုင်သည်ဟု ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) က ထုတ်ပြန်ထားသည်။
မိုခါကြောင့် ရခိုင်ပြည်နယ်အပါအဝင် ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့လည်း သက်ရောက်မှု ရှိနိုင်ပြီး စစ်တွေ၊ ထီးလင်းနှင့် ဂန့်ဂေါလေယာဉ်ကွင်းများလည်း ထိခိုက်နိုင်သည်ဟု GDACS က ဖော်ပြထားသည်။
Video –ရခိုင်ဒေသ လေဘေးရှောင်မှုမြင်ကွင်းရုပ်သံ။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/988
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4170
Website ->https://eng.thanlwinkhet.net