ယမင်းဖူးပွင့်အောင်
မေ ၁၁၊ ၂၀၂၃။
ရန်ကုန်တိုင်းက မြို့နယ်တချို့တွင် အိမ်ထဲသို့ ဝင်ရောက် ဖောက်ထွင်း ခိုးယူမှုများလာသည်ဟု ဒေသခံများကပြောသည်။
ရာသီဥတု ပူပြင်းသည့်အတွက် ပြတင်းပေါက်ဖွင့်အိပ်နေမှုများကို အခွင့်ကောင်းယူကာ ပွင့်နေသည့်ပြတင်းပေါက်များမှတစ်ဆင့် ဝင်ရောက်ခိုးယူကြခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ တွင် သင်္ဃန်းကျွန်းမြို့နယ်က ကပ်လျက်ရှိသော တိုက်နှစ်ခုကြား တွယ်တက်၍ပြတင်းပေါက်ဖွင့်ထားသော ၇ လွှာက အခန်းကို ဝင်ရောက်ခိုးယူခဲ့သည်ဟု အဆိုပါတိုက်ခန်းတွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “အရင်ကဆို ခြင်ထောင်လှုပ်ရင်တောင် နိုးတတ်တဲ့သူမျိုးပါ။ ခေါင်းအုံးအောက်ထားပြီး အိပ်တဲ့ဖုန်းကိုအိပ်ငွေ့ချနည်း တစ်ခုခုသုံးပြီး ယူသွားတယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
တိုက်ခန်းနေ အမျိုးသား နှစ်ဦး၏ ဖုန်းသုံးလုံးအခိုးခံခဲ့ရပြီး လွန်ခဲ့သည့် ၈ လ ခန့်ကလည်း ဝါးငြမ်းစင်ကနေ တိုက်ပေါ်ထိ တွယ်တက်လာခဲ့ဖူးသေးသည်ဟု ၎င်းကဆက်ပြောသည်။
ဆေးပညာအရ hypnosis ဟုခေါ်သည့် မေ့ဆေးပေး(အိပ်ငွေ့ချ) ခြင်းရှိပြီး ခွဲစိတ်ခန်းသုံးမေ့ဆေး၊ ketamine ထိုးဆေးနှင့် Diethyl Ether ဟူ၍ မေ့ဆေးအမျိုးအစားများရှိသော်လည်း သာမန်ဝင်ခိုးသူတစ်ယောက်အနေဖြင့်အလွယ်တကူ ဝယ်ယူနိုင်ရန်၊ အသုံးပြုနိုင်ရန် ခက်ခဲသည်ဟု CDM ဆရာဝန် Dr.Patrickက သံလွင်ခက်ကိုပြောသည်။
“အိမ်တစ်အိမ်လုံးကို အိပ်ငွေ့ချပြီး ခိုးသွားတယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလို့ပဲထင်တယ်။Diethyl Etherဆိုတာကလက်ကိုင်ပုဝါတွေမှာ ဆေးအငွေ့ရည်ကို စွတ်ပြီး ပါးစပ်နဲ့ နှာခေါင်းကို အုပ်လိုက်တာမျိူးပေါ့။ တစ်ယောက်ချင်းလိုက်အုပ်နေဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ဆေးတွေက အရမ်းဈေးကြီးတယ်။ ခိုးတဲ့လူတစ်ယောက်အနေနဲ့ သူပါ ပြန်ရှူပြီး မေ့လဲသွားနိုင်တယ်။ ထုံဆေးတို့ မေ့ဆေးတို့ဆိုတာ လည်းသာမန်လူဝယ်လိူ့မရဘူး။ ဒါပေမယ့် ခေတ်ကာလမကောင်းဘူးဆိုတော့ အတိအကျတော့ ပြောလို့မရဘူး” ဟု မှတ်ချက်ပြုသည်။
ခိုးယူမှုကိုတိုင်ကြားမည်ဆိုပါက လူငယ်အများ စုငှားနေသည့် နေရာဖြစ်သောကြောင့် အခြားနည်းဖြင့် စွပ်စွဲဖမ်းဆီးမည်ကို စိုးရိမ်သည့်အတွက် တိုင်ကြားခြင်းမရှိဘဲ ပြတင်းပေါက်တွင် သံဇကာတပ်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု အဆိုပါတိုက်ခန်းတွင် နေထိုင်သူများကပြောသည်။
အလားတူ လားရှိုးမြို့နယ်တွင်လည်း လွန်ခဲ့သည့် မတ်လတွင် တစ်ကြိမ်၊ ၂၀၂၂ နိုဝင်ဘာလတွင် ပြတင်းပေါက်မှတစ်ဆင့် အဆောင်သို့ ဝင်ရောက်ခိုးယူခြင်းခံခဲ့ရဖူးသည်ဟု အဆောင်နေ မဒါဒါက ပြောသည်။
“ပထမတစ်ခါက မတိုင်ဖြစ်ပါဘူး။ ဘယ်သူ့တိုင်ရမှန်းလည်း မသိဘူးလေ။ တိုက်ခန်းပိုင်ရှင်ကလည်း ဘာမှလုပ်မပေးဘူး။ လူတွေမေ့လောက်တဲ့အချိန် ၃ လ လောက်ကျ ထပ်လာခိုးတယ်”ဟု မဒါဒါကပြောသည်။
ထိုအဆောင်တွင် အပေါ်ထပ် ခန်း ၁၀ ခန်း၊ အောက်ထပ် ခန်း ၁၀ ခန်းရှိပြီး အုပ်စုလိုက်လာရောက်ခိုးယူသောကြောင့် ပထမတစ်ကြိမ်တွင် ဆိုင်ကယ်နှစ်စီး အပါအဝင် တံခါးမပိတ်ထားသည့် အခန်းများမှ ဖုန်း၊ ရွှေနှင့်ပိုက်ဆံအိတ်အချို့ ခိုးယူခံခဲ့ရသည်ဟု အဆောင်နေထိုင်သူများကပြောသည်။
ဒုတိယတစ်ကြိမ်းတွင် ပိုက်ဆံအိတ်နှင့် ဖုန်းတစ်လုံး အခိုးခံခဲ့ရသည်ဟု မဒါဒါက ပြောသည်။
“အိပ်ငွေ့ချသလား။ အိပ်စေမယ့် အငွေ့သုံးလားမသိဘူး။ ဘယ်လောက်ညနက်မှ အိပ်အိပ် မနက်၈ နာရီလောက်ဆိုအမြဲနိုးတယ်။နေ့ခင်းထိ တစ်ခါမှ မအိပ်ဖူးဘူး။ အဲ့နေ့က တစ်ဆောင်လုံး ဘယ်သူမှမနိုးဘူး။နောက်ရက်ထိ ခေါင်းတွေမူးနေတာ” ဟု ၎င်းကပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် လွန်ခဲ့သည့် သုံးလခန့်ကလည်း အမျိုးသမီးအဆောင်သူများ နေထိုင်သည့် တိုက်ခန်းတစ်ခုတွင် ပြတင်းပေါက်မှတဆင့် တက်ကာ လက်ကိုင်ဖုန်းနှင့် လပ်တော့များ ခိုးယူခံခဲ့ရဖူးသည်။
ပုံစာ– တိုက်နံရံနှစ်ခုကြားက တွယ်တက်ခဲ့သည့် သဲလွန်စခြေရာမြင်ကွင်း။
Photo- ပေးပို့။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/984
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=2373
Website ->https://eng.thanlwinkhet.net