သံလွင်ခက်
မေ ၁၁ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးဖမ်းဆီးမှုများကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့် ကေအဲန်ယူတပ်မဟာ၃ ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံများမှာ အချိန်တစ်နှစ်နီးပါးကြာမြင့်လာသည်အထိ နေရပ်မပြန်ရဲကြသေးဟု ကေအဲန်ယူဗဟိုက ယနေ့တွင်ထုတ်ပြန်ထားသည်။
ကေအဲန်ယူ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ လယ်ဒိုမြို့နယ်ရှိ ပိုးလိုနိုဖိုးကျေးရွာနှင့် လယ်ဝိုင်းကြီးကျေးရွာ၊ မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာတို့ရှိ ဒေသခံ ၂၂၀၀ ကျော်တို့သည် ပြီးခဲ့သည့်နှစ် ဇွန်လ ၂၅ ရက်တွင် နေအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။
ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျေးရွာများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်ဖျက်ဆီးမှုကြောင့်နေအိမ် ၄၄ လုံး၊ စာသင်းကျောင်း ၁ကျောင်း၊ နှစ်ခြင်း ခရစ္စယာန်ဘုရားကျောင်း ၁ ကျောင်း၊ မူကြိုကျောင်း ၁ကျောင်းနှင့် ကျေးရွာ ဘုံပစ္စည်းထားသော အဆောက်ဦး ၁လုံး ပျက်စီးခဲ့ရသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့်နေအိမ် ၁၈လုံးမီးလောင်းပြာကျခဲ့ရသည်ဟု ကေအဲန်ယူဗဟိုက ဖော်ပြထားသည်။
ရွာလုံးကျွတ်ထွက်ပြေးနေကြရသည့် လယ်ဒိုမြို့နယ်၊ လယ်ဝိုင်းကြီးကျေးရွာနှင့် ပိုးလိုးနိုဖိုးကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၁၂၁လုံး ရှိပြီး လူဦးရေစုစုပေါင်း ၁၂၀၆ဦး ရှိသည်။
မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၁၄၇ လုံး ရှိပြီး လူဦးရေစုစုပေါင်း ၁၀၂၀ ဦး ရှိသည်ဟုသိရသည်။
အဆိုပါကျေးရွာ ၃ရွာမှဒေသခံများသည် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ကျေးရွာတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး တွေ့ကရာလူများကို ဖမ်းဆီးမှုကြောင့် ထွက်ပြေးရှောင်တိမ်းနေကြရခြင်းဖြစ်သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။
ပုံစာ–ရွာလုံးကျွတ်ထွက်ပြေးနေရသည့် ကေအဲန်ယူမဟာ၃ နယ်မြေရှိ ကျေးရွာနေအိမ်များကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးထားမှုများ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram-> https://t.me/newstlk/978
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4149
Website ->https://eng.thanlwinkhet.net