သံလွင်ခက်
မေ ၁၀ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားရာနေရာများ ဖြစ်သည့် ခိုင်ကမ်းမြို့ရဲ စခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီးတို့မှ အနည်းဆုံး တစ်မိုင်ပတ်လည်အတွင်းရှိ မိဘပြည်သူများပြောင်းရွှေ့ပေးရန် CDF CDM Siyin ကသတိပေးပြီးနောက် ဒေသခံထောင်ချီ ရှောင်တိမ်းကြသည်ဟု သိရသည်။
CDF CDM Siyin နယ်မြေအတွင်းရှိ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီး နေထိုင်ကြသော ပြည်သူများကို ယနေ့ မေလ ၁၀ ရက်၊ နံနက် ၁၀ နာရီမတိုင်မီ ပြောင်းရွှေ့ပေးရန် ယမန်နေ့၌ CDF CDM Siyin ကသတိပေးထားခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ယနေ့ မေလ ၁၀ ရက် နံနက် ၁၀ နာရီနောက်ပိုင်း မပြောင်းရွှေ့ဘဲ ကျန်ရှိနေသော ပြည်သူများအနေဖြင့် ထိခိုက်မှု တစ်စုံတစ်ခုရှိခဲ့လျှင် တာဝန်ယူမည်မဟုတ်ကြောင်းပါရှိပြီး ယနေ့နံနက်အစောပိုင်း၌ပြောင်းရွှေ့ကြသည့် ဒေသခံများပိုများသည်ဟု သိရသည်။
လက်ရှိတွင် ပြောင်းရွှေ့သွားကြသည့်ဒေသခံများမှာ ထောင်ချီထိရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မပြောင်းရွှေ့ရန်နှင့် ပြောင်းရွှေ့ပါက နေအိမ်များကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း ကလေးမြို့ လှိုင်သာယာရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ရှောင်တိမ်းကြသူများတွင် ကလေးမြို့လှိုင်သာယာရပ်ကွက်မှဒေသခံများလည်းပါဝင်ပြီး ခိုင်ကမ်းမြို့ရဲ စခန်း နှင့်ကလေးတက္ကသိုလ်အနီးနား၌ တိုက်ပွဲနှင့်ပတ်သက်၍ ထူးခြားမှုအသံတစ်စုံတရာ မကြားမိသေးဟု၎င်းက နေ့လည်၁၂ နာရီကျော်အချိန်တွင် ပြောသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram-> https://t.me/newstlk/973
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4140
Website ->https://eng.thanlwinkhet.net