![]()
သံလွင်ခက်/မတ် ၁၆။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ပလောတပို့ စစ်ဘေးရှောင်စခန်းသည် စစ်ကော်မရှင်၏ အသေခံ (Kamikaze) ဒရုန်းများဖြင့် နှစ်ရက်ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသဖြင့် စစ်ရှောင်ပြည်သူ ၄ ထောင်ကျော်မှာ အသက်ဘေးလွတ်ရာသို့ အရေးပေါ် ထပ်မံတိမ်းရှောင်နေကြရသည်။
အိမ်ခြေ ၁,၀၀၀ ကျော်ခိုလှုံနေသည့် အဆိုပါစခန်းကို စစ်ကော်မရှင်က မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် အသေခံဒရုန်း ၃ စီးဖြင့် ပထမအကြိမ် တိုက်ခိုက်ခဲ့ရာ စခန်းနေပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
ယင်းနောက် မတ်လ ၁၅ ရက် ည ၁၀ နာရီကျော်အချိန်တွင် ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်အမျိုးသားတစ်ဦး ခါးတွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။

“ပထမတစ်လုံးကျတော့ တချို့တွေက ပြောင်းရွှေ့ဖို့ စဉ်းစားကြတယ်။ ဒုတိယတစ်လုံး ထပ်ကျလာတဲ့အချိန်မှာတော့ သူတို့ရဲ့ ပြောင်းရွှေ့ရမယ့် ဆုံးဖြတ်ချက်က ပိုပြီး ခိုင်မာသွားတာပေါ့” ဟု စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် မတ်လ ၁၄ ရက်နေ့တွင်ပင် စစ်ဘေးရှောင် ၂၆၀ ကျော်မှာ သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ယာယီဝင်ရောက် ခိုလှုံခဲ့ကြရသည်။

လက်ရှိတွင် ဖလူးနှင့် မင်းလက်ပံကျေးရွာများအနီး၌ စစ်ကော်မရှင်စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
အထူးသဖြင့် ဖလူးဘုရားကုန်းအနီး တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းကြောင့် စခန်း၏ လုံခြုံရေးမှာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်သည်။

“ကြောက်စိတ်တွေက လွှမ်းမိုးနေတယ်။ လူကြီးတွေ၊ ကလေးတွေဆိုရင်လည်း ငိုယိုကြနဲ့ပေါ့။ သူတို့ ပိုစိုးရိမ်တာက စခန်းကို စွန့်ခွာလိုက်ရင် ဆေးကုသမှုဆိုင်ရာ အကူအညီတွေ လက်လှမ်းမမီတော့မှာကိုပါ” ဟု စခန်းတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ယမန်နေ့ကစ၍ စခန်းအတွင်းရှိ စစ်ဘေးရှောင်များသည် တိုက်ခိုက်မှုဘေးမှ လွတ်မြောက်ရန် နေရပ်စွန့်ခွာ၍ အခြားဘေးကင်းလုံခြုံမည့်နေရာများသို့ ရွှေ့ပြောင်းနေကြပြီဖြစ်သည်။

သို့သော်လည်း လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီရှားပါးမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် စစ်ဘေးရှောင်များ၏ ပို့ဆောင်သွားလာရေးမှာ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ပုံစာ – နှစ်ရက်ဆက် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပလောတပို့စစ်ရှောင်များ စခန်းကို စွန့်ခွာနေကြစဉ်/ဓါတ်ပုံ – သံလွင်ခက်
#ပလောတပို့ #စစ်ရှောင် #ဒရုန်းဖြင့်တိုက်ခိုက် #စစ်ကော်မရှင်
#ThanLwinKhetNews
