သံလွင်ခက်
မေ ၁၀ ၊ ၂၀၂၃ ။
စစ်ကောင်စီ၏စစ်ရာဇဝတ်မှုများအတွက် သြစတြေးလျ၊ ဖိလစ်ပိုင်နှင့် နယူးဇီလန်နိုင်ငံတရားရုံးတို့၌ တရားစွဲဆိုတင်ပြနိုင်ရန် ကြိုးပမ်းနေသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောသည်။
NUG လူ့အခွင့်အရေး ပြည်ထောင်စုဝန်ကြီးသည် မေလ ၈ ရက်တွင် ဆစ်ဒနီမြို့ရှိ Gilbert + Tobin ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေများနှင့် တွေ့ဆုံခဲ့ပြီး အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့်အရေးကျူးလွန်ဖေါက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ခံယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်ရန် ကြိုးပမ်းမှုများကိုအဓိကထား ဆွေးနွေးခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင်လည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုတိယပြည်ထောင်စုဝန်ကြီး၊ ခွန်းဗဟန်းထန်တို့သည် သြစတြေးလျအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး H.E. Bronte Moules နှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံမှု၌ မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသည့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံနေရမှု ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်း ဖလှယ်ခဲ့ကြသည်ဟု NUG လူ့အခွင့်အရေးဌာနကဖော်ပြထားသည်။
ထို့ပြင် NUG လူ့အခွင့်အရေးဝန်ကြီးများသည် ယနေ့နံနက်ပိုင်း၌ သြစတြေးလျပြည်ထောင်စုလွှတ်တော်၊နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးရာ လွှတ်တော်ပူးပေါင်းကော်တီ၏ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုလွှတ်တော်ရှိ ကော်မတီခန်းမတွင် တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာ့နွေဦးတော်လှန်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
နိုင်ငံတကာတရားရုံးများ၌ စစ်ကောင်စီကို တရားစွဲဆိုနိုင်ရန် ကြိုးပမ်းနေသော NUG လူ့အခွင့်အရေးဌာနသည် ပြီးခဲ့သောဧပြီလ အတွင်းက ဖြစ်ပွားခဲ့သည့် ပဇီးကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုများအပါအဝင် စစ်ကောင်စီ၏စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်ရေးချိုးဖောက်မှုများကို အသေးစိတ်မှတ်တမ်းတင်ထားပြီးဟု ဖော်ပြထားသည်။
အဆိုပါရရှိထားသော အချက်အလတ်များ၊ သက်သေ ဗီဒီယို၊ ဓာတ်ပုံများဖြင့် အသေးစိတ်တရားစွဲဆိုနိုင်သည့်အမှုထိ စီစဥ်နေနိုင်ပြီဖြစ်သည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးက ယမန့်နေ့၌ ပြောဆိုထားသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ပြည်ထောင်စုဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တို့သည် ယနေ့ မေလ ၁၀ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကော်မရှင်ကို ပူးတွဲတည်ထောင်သူ၊ သြစတြေးလျ လူ့အခွင့်အရေးဆိုင်ရာနှင့် ဥပဒေရေးရာပြုပြင်ပြောင်းလဲရေး မဟာမင်းကြီးဟောင်း Chris Sidotiနှင့်တွေ့ဆုံခဲ့သည်။
လက်ရှိ ကုလသမဂ္ဂကော်မရှင်တခု၏ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ Professor Chris Sidoti နှင့်တွေ့ဆုံမှု၌ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram-> https://t.me/newstlk/974
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4143
Website ->https://eng.thanlwinkhet.net