![]()
သံလွင်ခက်/မတ် ၁၆။ ဓာတ်ပုံ – 3 brotherhood Alliance
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။
မတ်လ ၁၄ ရက်နေ့မှစတင်၍ ဖြစ်ပွားနေသည့် အဆိုပါတိုက်ပွဲများသည် ယနေ့အထိ တည်ငြိမ်မှုမရှိသေးဘဲ စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) အပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက် (TCSN) နှင့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများကလည်း ပဋိပက္ခကို လက်နက်ကိုင်လမ်းစဉ်ဖြင့် မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန် အလေးအနက် တိုက်တွန်းထားကြသည်။
တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်တွင် ၁၀၂၇ စစ်ဆင်ရေးကာလတစ်လျှောက် စစ်အာဏာရှင်စနစ်ကို အတူတကွ တွန်းလှန်ခဲ့ကြသည့် မဟာမိတ်တပ်ဖွဲ့များကြား ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားခြင်းသည် တော်လှန်ရေးတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်းနှင့် အာဏာသိမ်းစစ်ကော်မရှင်အတွက် အခွင့်ကောင်းဖြစ်သွားနိုင်ကြောင်း စိုးရိမ်မကင်းစွာ ထောက်ပြထားသည်။
လက်ရှိမြေပြင်အခြေအနေအရ MNDAA သည် ကွတ်ခိုင်မြို့ကို သိမ်းပိုက်ထားသော်လည်း ထိုးစစ်များ ရပ်တန့်ခြင်းမရှိဘဲ နမ့်ခမ်းနှင့် နမ္မတူဘက်သို့ ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဖော်ပြသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်ကမူ လက်ရှိဖြစ်ပေါ်နေသည့် တင်းမာမှုများကို လျှော့ချရန်အတွက် ရည်ရွယ်ချက်ဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ အဖြေရှာသွားရန် အသင့်ရှိကြောင်း မတ်လ ၁၄ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ထားသည်။
တစ်ဖက်တွင်လည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ စစ်ရေးကော်မတီက ယင်းနေ့တွင်ပင် တုံ့ပြန်ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကိုးကန့်ဒေသအတွင်းသို့ TNLA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခြင်း၊ တပ်ဖွဲ့ဝင်များအား ရိုက်နှက်မောင်းထုတ်ခြင်းနှင့် နယ်မြေအား လုယူသိမ်းပိုက်ရန် ကြိုးပမ်းခြင်းတို့ကြောင့် မိမိတို့ဘက်မှ မလွှဲသာမရှောင်သာ တုံ့ပြန်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ယခုဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာမည့် ပြဿနာရပ်များအားလုံးအတွက် TNLA ဘက်ကသာ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း MNDAA က အလေးအနက် သတိပေးထားသည်။
တဖက်တွင်လည်း တရုတ်နိုင်ငံသည် သူ့စကားကို နားမထောင်သည့် TNLA အပေါ် မကျေလည်မှုများနှင့် တရုတ်၏ နယ်စပ်အကျိုးစီးပွားဆိုင်ရာ တွက်ချက်မှုများကြောင့် ဤတိုက်ပွဲကို “မီးစိမ်းပြ” ထားခြင်းဖြစ်နိုင်ကြောင်း ဒေသတွင်း စစ်ရေးနိုင်ငံရေး လေ့လာသူများက သုံးသပ်နေကြသည်။
အထူးသဖြင့် တရုတ်အထူးသံကိုယ်စားလှယ် တိန့်ရှီကျွမ်း နေပြည်တော်သို့ ရောက်ရှိနေချိန်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းသည် တရုတ်အပေါ် ဝေဖန်မှုများကို ပိုမိုမြင့်တက်စေသည်။
#ရှမ်းမြောက် #မဟာမိတ်ပဋိပက္ခ #ပိုကျယ်ပြန့်လာ #ThanLwinKhetNews
