![]()
သံလွင်ခက်/မတ် ၁၆
ယနေ့ကျင်းပသည့် အော်စကာဆုပေးပွဲတွင် ဒါရိုက်တာ ပေါလ် သောမတ်စ် အန်ဒါဆင် (Paul Thomas Anderson) ၏ One Battle After Another ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆုနှင့် အကောင်းဆုံးဇာတ်ပို့မင်းသားဆု ရှောင်ပန်း (Sean Penn) အပါအဝင် ဆုပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါဇာတ်ကားသည် အမြင့်ဆုံးဆုဖြစ်သည့် အကောင်းဆုံးဇာတ်ကားဆု (Best Picture) ကို ဆွတ်ခူးနိုင်ခဲ့ရုံသာမက ဒါရိုက်တာဆုနှင့် အကောင်းဆုံးမှီငြမ်းဇာတ်ညွှန်းဆုတို့ကိုပါ ရရှိခဲ့ပြီး ပေါလ် သောမတ်စ် အန်ဒါဆင် အတွက် ပထမဆုံးသော အော်စကာဆုများ ဖြစ်လာခဲ့သည်။

သရုပ်ဆောင်ပိုင်းတွင် Sinners ဇာတ်ကားဖြင့် အဓိကမင်းသား မိုက်ကယ် ဘီ ဂျော်ဒန် က အကောင်းဆုံးမင်းသားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး၊ Hamnet ဇာတ်ကားတွင် ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သည့် ဂျက်ဆီ ဘတ်ကလေ က အကောင်းဆုံးမင်းသမီးဆုကို ရရှိခဲ့သည်။

သူမသည် အဆိုပါဆုကို ရရှိသည့် ပထမဆုံးသော အိုင်ယာလန်နိုင်ငံသူအဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့သည်။
ဇာတ်ပို့ဆုများတွင် ဝါရင့်မင်းသားကြီး ရှောင်ပန်း က One Battle After Another ဖြင့် အကောင်းဆုံးဇာတ်ပို့မင်းသားဆုကို ထပ်မံရရှိခဲ့ကာ၊ အေမီ မာဒီဂန် (Amy Madigan) က Weapons ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ပို့မင်းသမီးဆုကို ဆွတ်ခူးခဲ့သည်။

ယခုနှစ် အော်စကာဆုပေးပွဲတွင် ထူးခြားသည့် မှတ်တမ်းများလည်း ထွက်ပေါ်ခဲ့သည်။
Sinners ဇာတ်ကား၏ ရုပ်ရှင်ဓာတ်ပုံပညာရှင် အော်တမ် ဒူးရိုးလ် အာကာပေါ် (Autumn Durald Arkapaw) သည် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု (Best Cinematography) ကို ရရှိသည့် ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့အတူ နော်ဝေနိုင်ငံထုတ် Sentimental Value ဇာတ်ကားသည်လည်း အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်ဆုကို နော်ဝေနိုင်ငံအတွက် ပထမဆုံးအကြိမ် ရယူပေးနိုင်ခဲ့သည်။
အခြားသော ထင်ရှားသည့် ဆုများအနေဖြင့် –
အကောင်းဆုံး အန်နီမေးရှင်းဇာတ်ကားဆု: KPop Demon Hunters
အကောင်းဆုံး အသံဆု: F1
အကောင်းဆုံး အမြင်အာရုံပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်ဆု: Avatar: Fire and Ash
အကောင်းဆုံး မှတ်တမ်းတင်ဇာတ်ကားဆု: Mr Nobody Against Putin
အကောင်းဆုံး မိတ်ကပ်နှင့် ဆံပင်ပုံစံဆု: Frankenstein
ယခုနှစ်ပွဲစဉ်တွင် Frankenstein ဇာတ်ကားသည်လည်း ဝတ်စုံဒီဇိုင်း၊ မိတ်ကပ်နှင့် ထုတ်လုပ်ရေးဒီဇိုင်းဆုများအပါအဝင် နည်းပညာပိုင်းဆိုင်ရာ ဆုအများအပြားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ရည်ညွှန်းကိုးကား – The Guardian
