![]()
သာယာဝတီဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းဦးစီးအရာရှိများက ဝိုင်းဝန်းရိုက်နှက်မှု ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ ထုတ်ပြန်သည်။
ယင်းအကျဉ်းသားမှာ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC နှင့် တွေ့ဆုံစဉ် ထောင်တွင်းအခက်အခဲများကို တင်ပြခဲ့သူဖြစ်ပြီး လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေ၌ ရှိနေသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်မှ ၅ ရက်အတွင်း ICRC အဖွဲ့၏ သာယာဝတီထောင် ခရီးစဉ်အတွင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသား ကိုမျိုးကျော်ထက် (ခ) သိုးသိုးက အကျဉ်းသားများ ကြုံတွေ့နေရသည့် စားသောက်ရေး၊ ကျန်းမာရေးနှင့် နေထိုင်ရေးဆိုင်ရာ အခက်အခဲများကို ICRC ကိုယ်စားလှယ်များထံ အသေးစိတ် တင်ပြခဲ့သည်။
ယင်းတင်ပြမှုအပေါ် မကျေနပ်သည့် အကျဉ်းဦးစီးအရာရှိ ကြည်ဖြိုးအောင်နှင့် အဆောင်လူကြီး (တန်းစီး) များက ICRC အဖွဲ့ ပြန်လည်ထွက်ခွာသွားပြီးနောက် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကိုမျိုးကျော်ထက်အား ပင်မအကျဉ်းထောင်အတွင်းသို့ ခေါ်ဆောင်ကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်ကြောင်း PPNM က ဖော်ပြသည်။
ရိုက်နှက်မှုကြောင့် ကိုမျိုးကျော်ထက်၏ မျက်နှာတစ်ခြမ်းလုံး ဖူးယောင်ညိုမဲသွားခဲ့သည့်အပြင် နားအတွင်းမှ သွေးထွက်သံယိုဖြစ်သည်အထိ ဒဏ်ရာများ ရရှိခဲ့သည်။
ထို့အပြင် ဖြစ်စဉ်ဖြစ်ပွားပြီး တစ်လကျော်ကြာမြင့်သည့် ယနေ့အချိန်အထိ ၎င်းအား ဆေးကုသခွင့် မပေးသည့်အပြင် ပြင်ပနှင့် အဆက်အသွယ်ဖြတ်တောက်၍ တိုက်ပိတ်ထားကြောင်း သိရသည်။
အဆိုပါ မတရားကျူးလွန်မှုများနှင့် ပတ်သက်၍ အကျဉ်းသားများက အရေးယူပေးရန် တောင်းဆိုရာတွင်လည်း အကျဉ်းဦးစီးအရာရှိ ကြည်ဖြိုးအောင်နှင့် အဖွဲ့က အဆောင်အတွင်းသို့ လက်နက်များဖြင့် ဝင်ရောက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် အဆိုဖြစ်စဉ်နှင့်ပတ်သက်၍ မှတ်ချက်တစုံတရာပေးရန် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးကို သံလွင်ခက်က ဆက်သွယ်ထားသောလည်း အကြောင်းပြန်ကြားခြင်းမရှိသေးပေ။
