![]()
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ မတ်လ (၅) ရက်နေ့က စစ်ကော်မရှင်တပ်ဖွဲ့များ ဝင်ရောက်စီးနင်းမှုကြောင့် အရပ်သားပြည်သူ (၂၈) ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်အတူ မြန်မာနိုင်ငံအတွင်း ၅ နှစ်တာကာလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း (၅၂၀) ကျော်အထိ ရှိလာပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။
မတ်လ (၅) ရက်နေ့ နံနက် (၅) နာရီခန့်တွင် စစ်ကော်မရှင်၏ တပ်မ (၇၇) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းများသည် ညောင်လေးပင်မြို့နယ်ရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများကို လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ အင်အားသုံး ဝင်ရောက်စီးနင်းခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သားပြည်သူ (၂၈) ဦးမှာ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။
ထို့ပြင် စစ်ကော်မရှင်တပ်ဖွဲ့သည် ကျေးရွာအတွင်းမှ အရပ်သား (၃၀၀) ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပဲခူးတိုင်းစစ်ဌာနနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) တို့ ပူးပေါင်း၍ ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်။
ဤကယ်ဆယ်ရေးစစ်ဆင်ရေးအတွင်း PDF မှ ရဲဘော် (၉) ဦးနှင့် KNLA မှ ရဲဘော် (၂) ဦးတို့ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး ရဲဘော် (၇) ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
ပုံ – NUG
ပုံစာ- ညောင်လေးပင်ဖြစ်စဉ်မှ ကယ်ထုတ်လာသည့် ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၅)၊ Spring Warriors Column က ကျန်းမာရေး စောင့်ရှောက်ပေးနေစဉ်
