![]()
သံလွင်ခက်/မတ် ၁၆။ ဓာတ်ပုံ – KTLA လက်အောက်ခံ ဗိုလ်အယ်လ်ခွီး နှင့် အဖွဲ့ (လူမှုကွန်ရက်)
ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံ ဗိုလ်အယ်လ်ခွီး ဦးဆောင်သည့် အဖွဲ့သည် အာဏာရှင်လုပ်ရပ်များကို အားပေးကူညီနေသည့်အတွက် ၎င်းတို့အား ‘အကြမ်းဖက်အဖွဲ့’ အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) က သတ်မှတ်လိုက်သည်။
KNU မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) ၏ ထုတ်ပြန်ချက်အရ KTLA လက်အောက်ခံ ဆာကစောစစ်ကြောင်းမှူး ဗိုလ်အယ်လ်ခွီးအဖွဲ့သည် လက်တွေ့မြေပြင်တွင် စစ်ကော်မရှင်ကို တိုက်ခိုက်ခြင်းမရှိဘဲ တော်လှန်ရေးအင်အားစုများကိုသာ တိုက်ခိုက်နေသည်ဟု ဆိုသည်။
ကော်သူးလေတပ်မတော် (KTLA) သည် ၂၀၂၆ ခုနှစ်ဆန်းပိုင်းကပင် ဗိုလ်ချုပ်စောနယ်ဒါးဘိုမြကို သမ္မတအဖြစ် တင်မြှောက်ကာ ‘ကော်သူးလေနိုင်ငံတော်’ အဖြစ် သီးခြားရပ်တည်ကြောင်း ကြေညာထားသည့်အဖွဲ့ ဖြစ်သည်။
ယင်းသို့ ကြေညာခြင်းကို (၇၈) ကြိမ်မြောက် ကရင်အမျိုးသားလွတ်လပ်ရေးနေ့တွင် တရားဝင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း KNU တပ်မဟာ (၄) နယ်မြေအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ရိက္ခာနှင့် ဆေးဝါးသယ်ယူပို့ဆောင်ရေးယာဉ်များကို ခြုံခိုတိုက်ခိုက်ခြင်း၊ နောက်တန်းစခန်းများကို အနှောင့်အယှက်ပေးခြင်းများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း KNU ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
ဗိုလ်အယ်လ်ခွီးအဖွဲ့သည် ၂၀၂၅ ခုနှစ်အတွင်း KNU စစ်ကြောင်းများကို အနည်းဆုံး နှစ်ကြိမ်ထက်မနည်း ခြုံခိုတိုက်ခိုက်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်အတွင်း တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက် ညနေ ၃ နာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ ရှေ့တန်းစခန်းမှ အပြန် သရက်ချောင်းမြို့နယ်၊ သမီးပေါ်သောကျေးရွာနှင့် ကနဲဃောကျေးရွာအကြားတွင် KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားကို KTLA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဗထူးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က အသိပေးသည်။
ထို့အပြင် မတ်လ ၁၃ ရက် နံနက် ၆ နာရီအချိန်တွင်လည်း ထားဝယ်မြို့နယ်၊ ထီးမိုပွာဒေသရှိ KNU ၏ ဘောတီနယ်စပ်လုံခြုံရေးဂိတ်စခန်းကို ဗိုလ်အယ်လ်ခွီးအဖွဲ့က ဝင်ရောက်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။
မတ်လ ၄ ရက်နေ့ကလည်း ကစယ်ဒိုမြို့နယ်အတွင်း ဗိုလ်စောအယ်လ်ခွီး ဦးဆောင်သည့်အဖွဲ့ကပင် KNLA တပ်ရင်း (၁၂) မှ ရဲဘော်များကို ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် ရဲဘော် ၅ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
အထူးသဖြင့် စစ်ကော်မရှင်စစ်ကြောင်းများကို တိုက်ခိုက်ပြီးအပြန် KNU တပ်မဟာ (၄) တပ်ရင်းများကို အဓိကထား ခြုံခိုတိုက်ခိုက်နေခြင်းဟု KNU ဘက်က သတိပေးသည်။
ဗိုလ်အယ်လ်ခွီးနှင့်အဖွဲ့သည် ဒေသခံပြည်သူများအပေါ်တွင်လည်း စစ်ကော်မရှင်နှင့် ဆက်သွယ်သည်ဟု အကြောင်းပြကာ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးအဓမ္မကောက်ခံခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လုပ်ရပ်များသည် စစ်ကော်မရှင်၏ စစ်ရေးဗျူဟာကို အကောင်အထည်ဖော်ပေးနေခြင်း ဖြစ်သည့်အတွက် ၎င်းတို့အား “အကြမ်းဖက်စစ်ကော်မရှင်၏ မိတ်ဖက်အကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်ကြောင်းနှင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်ခြင်းမပြုကြရန် KNU က သတိပေးသည်။
ယခုစွပ်စွဲချက်များနှင့် ပတ်သက်ပြီး ကော်သူးလေတပ်မတော် (KTLA) ဘက်သို့ သံလွင်ခက်မှ ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
#KTLA #ဗိုလ်အယ်လ်ခွီးအဖွဲ့ #အကြမ်းဖက်အဖွဲ့ #KNU #ThanLwinKhetNews
