![]()
သံလွင်ခက်/မတ် ၁၆။
ပခုက္ကူမြို့နယ် အနောက်ခြမ်း၊ ကန်တော်ကျေးရွာမှ ညောင်ဂျစ်ပင်ရွာဘက်သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကော်မရှင်စစ်ကြောင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
အင်အား (၇၀) ခန့်ပါဝင်သော အဆိုပါစစ်ကော်မရှင်စစ်ကြောင်းသည် မတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ကန်တော်ရွာစခန်းမှ ညောင်ဂျစ်ပင်ရွာ (ပျူစောထီးစခန်း) သို့ စတင်ထွက်ခွာလာစဉ် နံနက် ၇ နာရီအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၄ နာရီကျော်ကြာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နံနက် ၁၁ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး၊ စစ်ကော်မရှင်စစ်ကြောင်းသည် ကန်တော်ရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၅) ဦး ကျဆုံးကြောင်း PLA က မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် စစ်ကော်မရှင်တပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းအနည်းငယ်ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းသည် ကမ္မမြို့နယ်ရဲစခန်း၊ ကန်တော်ရွာစခန်းနှင့် ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းတို့အကြား လှည့်လည်လှုပ်ရှားနေသော အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
