![]()
ပုံ – တီဟီရန်မြို့၊ ဘီရီယာနက်ခ်ခရိုင်တွင် ဒုံးကျည်တိုက်ခိုက်မှုကြောင့် ပျက်စီးသွား သော အဆောက်အအုံများကြားမှ အင်္ကျီတစ်ထည် လေထဲတွင် လွင့်နေစဉ် သံလွင်ခက်/မတ် ၁၆။ (ဓာတ်ပုံသတင်းထောက် မာဂျစ် ဆာအီဒီ (Majid Saeedi) / Getty Images)
အီရန်-အစ္စရေးစစ်ပွဲ သုံးပတ်မြောက်နေ့ဖြစ်သည့် တနင်္လာနေ့တွင် ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၅ နီးပါးအထိ စံချိန်တင် မြင့်တက်လာသည်။
🟩ထရမ့်၏ ဖိအားပေးမှု
ထိုသို့သော အခြေအနေတွင် အရေးပါလှသည့် ဟိုမတ်ဇ်ရေလက်ကြား လုံခြုံရေးအတွက် အကူအညီပေးရန် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ကို အမေရိကန်သမ္မတ ထရမ့်က ထပ်မံ တိုက်တွန်းလိုက်သည်။
ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ အဆိုပါ ရေလက်ကြားကို စစ်ပွဲစတင်ချိန်မှစ၍ အီရန်က ပိတ်ဆို့ထားသည်။
ဤအခြေအနေကို ဖြေရှင်းရန်အတွက် တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် အခြားနိုင်ငံများကို စစ်သင်္ဘောများ စေလွှတ်ပေးရန် စနေနေ့ကပင် ထရမ့် တောင်းဆိုထားခဲ့ခြင်း ဖြစ်သည်။
အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း ယခုအချိန်အထိ မည်သည့်နိုင်ငံကမျှ အဆိုပါတောင်းဆိုချက်ကို လူသိရှင်ကြား အတည်ပြုခြင်း မရှိသေးပေ။
တနင်္ဂနွေနေ့နှောင်းပိုင်း Financial Times နှင့် ပြုလုပ်သော အင်တာဗျူးတွင် ထရမ့်က “အကူအညီမပေးပါက နေတိုး၏ အနာဂတ်အတွက် အလွန်ဆိုးရွားလိမ့်မည်” ဟု သတိပေးပြောကြားကာ ဖိအားပိုပေးလာခဲ့သည်။
🟩 နိုင်ငံအသီးသီးက သတိထား တုံ့ပြန်
ထရမ့်က နိုင်ငံခုနစ်နိုင်ငံခန့်ကို အကူအညီတောင်းထားပြီး အချို့နိုင်ငံများက သဘောတူထားကြောင်း ပြောကြားသော်လည်း တိကျသည့် နိုင်ငံအမည်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
၎င်းက “အမေရိကန်အနေဖြင့် မိတ်ဖက်နိုင်ငံများ၏ အကူအညီကို မှတ်သားထားမည်” ဟု ဆိုသည်။ သို့သော် နိုင်ငံတကာ၏ တုံ့ပြန်မှုမှာ သတိထားရုန်းထွက်နေသည့်ပုံစံ ဖြစ်နေသည်။ ၏
ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကာလပ်စ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ဆွေးနွေးထားကြောင်း ပြောသည်။
“ရေလက်ကြားကို ဖွင့်လှစ်ထားခြင်းက ကျွန်ုပ်တို့၏ အကျိုးစီးပွားဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာကလည်း ထရမ့်နှင့် ဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးသည် ကမ္ဘာ့ကုန်သွယ်မှုအတွက် အရေးပါကြောင်း BBC က ဖော်ပြသည်။
ဗြိတိန်စွမ်းအင်ဝန်ကြီး အက်ဒ် မီလီဘန်းကလည်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း၍ အကောင်းဆုံးနည်းလမ်းများကို ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံကမူ ရေလက်ကြား ပွင့်လင်းစေရေးသည် နိုင်ငံတကာ ကုန်သွယ်မှုအတွက် အရေးကြီးကြောင်းသာ တိုတိုပြတ်ပြတ် ပြောဆိုပြီး စစ်ပွဲကို ရပ်တန့်ရန် တိုက်တွန်းထားသည်။
ဂျပန်နိုင်ငံမှာမူ ဥပဒေအရ ပြည်ပတွင် စစ်ရေးဆိုင်ရာ တပ်ဖြန့်မှုများ ပြုလုပ်ရန် ကန့်သတ်ချက်များရှိနေသဖြင့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ဥပဒေဘောင်အတွင်းမှသာ လုပ်ဆောင်နိုင်သည်ဟု တုံ့ပြန်ထားသည်။
🟩 စစ်ပွဲ နှင့် လူသားခြင်းစာနာမှု
တစ်ဖက်တွင်လည်း စစ်ပွဲ၏ ပြင်းထန်မှုများမှာ ရပ်တန့်ခြင်းမရှိပေ။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာတို့၏ အမာခံစခန်းများကို ပစ်မှတ်ထားသည့် မြေပြင်စစ်ဆင်ရေးများ စတင်နေပြီဟု တနင်္လာနေ့တွင် ကြေညာသည်။
တီဟီရန်မြို့တွင်လည်း ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။
အီရန်ဘက်ကလည်း ပင်လယ်ကွေ့နိုင်ငံများကို ဆက်လက် ပစ်မှတ်ထားနေသည်။
ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒရုန်းတစ်စင်း လောင်စာဆီကန်အား ထိမှန်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လေကြောင်းခရီးစဉ်များ ခေတ္တရပ်နားခဲ့ရသည်။
ဆော်ဒီအာရေဗျကလည်း ၎င်းတို့ထံ ပစ်ခတ်လာသည့် ဒရုန်းဒါဇင်ပေါင်းများစွာကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောသည်။
လက်ရှိအချိန်အထိ စစ်ပွဲအတွင်း အမေရိကန်စစ်သည် ၁၃ ဦးနှင့် အစ္စရေး အရပ်သား ၁၂ ဦး သေဆုံးခဲ့သည်။
အီရန်အရပ်သား ၁,၂၀၀ ကျော် သေဆုံးပြီး လူဦးရေ ၃.၂ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။
လက်ဘနွန်တွင်လည်း လူ ၈၀၀ ကျော် သေဆုံးကာ ၈ သိန်းကျော်မှာ နေရပ်စွန့်ခွာနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။
ရည်ညွှန်းကိုးကား – NPR
#အရှေ့အလယ်ပိုင်း #အီရန် #အမေရိကန် #ထရန့် #ThanLwinKhetNews
