သံလွင်ခက်
မေ ၁၀ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်၏ ၁၂၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် ကျေးရွာနေအိမ်များမီးလောင်ပျက်စီး၍ စစ်ရှောင်များထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ ၂၇၄ အမြောက်တပ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မင်းတပ်တိုက်နယ်၄ ရှိကျေးရွာများဘက်သို့ ၁၂၀ မမဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်များခိုလှုံနေသည့် ကျေးရွာနှစ်ရွာရှိ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပြီးပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်CDF များနှင့်နီးစပ်သူတစ်ဦးကပြောသည်။
” ဖုန်းလိုင်းမရတော့ ထိခိုက်မှု အသေးစိတ်မသိရသေးပါဘူး။ ပစ်တဲ့နေရာနဲ့ ရွာတွေက ဟိုဖက်ကမ်းဒီဖက်ကမ်းမြင်နေရတယ် နီးတယ်“ဟု ၎င်းကပြောသည်။
စစ်ကောင်စီက ယခုနှစ်အစပိုင်းတွင် မင်းတပ်မြို့နယ်အတွင်းကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများဖြတ်တောက်၍ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အပြင် လေကြောင်းမှမကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေခဲ့သည်။
ပြီးခဲ့သောဧပြီလတွင် စစ်ကောင်စီလေတပ်က မင်းတပ်မြို့နယ်အတွင်းကို လေကြောင်းမှ ၁၉ ကြိမ်လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ၃ ဦးသေဆုံး၍ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram-> https://t.me/newstlk/966
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4122
Website ->https://eng.thanlwinkhet.net