သံလွင်ခက်။
မေ ၃၊ ၂၀၂၃။
(ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အထူးဆောင်းပါးဖြင့် မြန်မာသတင်းမီဒီယာသမားများအား သံလွင်ခက်မှ အလေးထား ဂုဏ်ပြုအပ်ပါသည်)
ခေတ်အဆက်ဆက် စစ်အာဏာရှင်များသည် ၎င်းတို့၏ ဥပဒေမဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ဖိနှိပ်မှုများကို ဖုံးကွယ်ရန် အမြဲတစေ ကြိုးစားအားထုတ်ခဲ့ကြသည်။
ထိုသို့ ကြိုးစားအားထုတ်ရာတွင် လူထု၏ နား၊ မျက်စိဟု တင်စားလေ့ရှိသည့် လွတ်လပ်သော သတင်းမီဒီယာများက ထုတ်လုပ်တင်ဆက်နေသည့် အမျိုးမျိုးသော သတင်းများကို အမှောင်ချရန် ကြိုးပမ်းကြမြဲပင်။
ထိုကြားထဲမှ သတင်းထောက်များ၏ ကြိုးစားအားထုတ်မှုများကြောင့် ၎င်းတို့၏ ဥပဒေမဲ့လုပ်ရပ်များသည် ကွယ်ဝှက်၍ မရနိုင်အောင် ဘူးပေါ်သကဲ့သို့ နိုင်ငံတကာသတင်းမီဒီယာ စာမျက်နှာများအထိပါ ဖော်ပြခံခဲ့ရသည်။ ထို့ကြောင့်ပင် စစ်အာဏာရှင် အဆက်ဆက်က သတင်းမီဒီယာသမားများအပေါ် ယနေ့ထက်ထိတိုင် အငြိုးတေးထား ဖိနှိပ် တိုက်ခိုက်လျက်ရှိသည်။
တကြော့ပြန် အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ညသန်းခေါင်ယံမှစ၍ စစ်ကောင်စီ၏ အမျိုးမျိုးသော ဖိနှိပ်မှုများ၊ ရပ်တည်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ကြားကပင် သတင်းမီဒီယာသမားများသည် စစ်အာဏာရှင်လုပ်ရပ်များအပါအဝင် ဥပဒေမဲ့ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ရေးသားဖော်ထုတ်တင်ဆက်နိုင်ရန် ကြိုးစားနေကြဆဲဖြစ်သည်။
ထို့ကြောင့်ပင် လက်ရှိအချိန်အထိ သတင်းသမား ၁၃၀ ထက်မနည်း စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခံခဲ့ရသည်။ ယင်းထဲမှ ၇၂ ဦးမှာ ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်ကာ တစ်ကမ္ဘာလုံးတွင် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် သတင်းသမားအများဆုံး ဖမ်းဆီးခံရသည့် နိုင်ငံဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း သတင်းထောက် လေးဦး သေဆုံးခဲ့ပြီး ၎င်းတို့ထဲမှ နှစ်ဦးသည် ရိုက်နှက်မေးမြန်းခြင်း ခံခဲ့ရကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု နယ်စည်းမခြားသတင်းထောက်အဖွဲ့ RSF က ထုတ်ပြန်ထားသည်။
ထိုသို့ သတင်းသမားများအား ဖမ်းဆီး အရေးယူ၊ သတ်ဖြတ်မှုများကို စစ်အာဏာရှင်များက လုပ်ဆောင်ခဲ့သည်မှာ ခေတ်အဆက်ဆက်ပင်ဖြစ်သည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွင် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထိုအခြေအနေများကို သတင်းမှတ်တမ်းယူနေသည့် ဂျပန်သတင်းထောက် ဂန်ကျိနာဂအိကို စစ်သားများက အနီးကပ် ချိန်ရွယ်ပစ်ခတ်မှုကြောင့် ဆူးလေဘုရားအနီးတွင် သေဆုံးခဲ့ရသည်။
ယခု အာဏာသိမ်းချိန်တွင်လည်း သတင်းမီဒီယာသမားများကို ဖမ်းဆီး အရေးယူ၊ သတ်ဖြတ်မှုများအပြင် ၎င်းတို့၏ နေအိမ်ပိုင်ဆိုင်မှုများကိုပါ ချိပ်ပိတ်သိမ်းဆည်းမှုများကိုပင် စစ်ကောင်စီဘက်က လုပ်ဆောင်ကာ သတင်းလွတ်လပ်ခွင့်ကို ဖိနှပ်ခဲ့သည်။
ထိုအခြေအနေများကြားမှပင် လွတ်မြောက်နယ်မြေများဆီသို့ ထွက်ပြေးတိမ်းရှောင်ခိုလုံရင်း သတင်းများကို ဆက်လက်ရေးသားလျက်ရှိသည့် သတင်းဌာနနှင့် သတင်းသမားများလည်း ရှိနေသည်။
ထိုထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ကရင်နီပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ကန္တာရဝတီတိုင်း(မ်)သတင်းဌာနမှ အယ်ဒီတာ စောချစ်အေးက ” အာဏာစသိမ်းတဲ့အချိန်ကစပြီး အိမ်မှာ မနေရဲတော့ဘူး။ ကိုယ့်လုံခြုံရေးကို စိုးရိမ်ရတဲ့အတွက် တခြားမှာ ပြောင်းနေတယ်။ စစ်ကောင်စီ ထိန်းချုပ်ရာ နေရာတွေမှာ နေတာတွေ မလုပ်တော့ဘူး။ လွတ်မြောက်နယ်မြေတွေမှာ အလုပ်လုပ်ကြရတယ်။ ၂၀၂၁ မေလ နောက်ပိုင်းမှာ သတင်းလုပ်ငန်း ဆက်လုပ်ဖို့ အရမ်းကို အခက်အခဲဖြစ်လာတယ်။ အဓိက လုံခြုံရေး ဆက်သွယ်ရေးအပိုင်းကော နေထိုင်ရေးကော အခက်အခဲတွေ အများကြီး ရှိလာတယ်” ဟု သူကြုံတွေ့ခဲ့ရပုံကို ဆိုသည်။
စစ်ကောင်စီသည် သတင်းသမားတစ်ဦးချင်းပေါ်သာမက သတင်းမီဒီယာတိုက်များ၏ လိုင်စင်များကို ပိတ်သိမ်းမှုများ၊ ရုံးခန်းများအား ဝင်ရောက်စီးနင်းမှုများကိုပါ လုပ်ဆောင်ခဲ့သည့်အတွက် မီဒီယာများအနေဖြင့်ပါ ရပ်တည်ရန် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြရသည်။
စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာ မတ်လ ၈ ရက်တွင် ပြည်တွင်းအခြေစိုက် သတင်းဌာနများ ဖြစ်သည့် 7 Days၊ Myanmar Now၊ DVB ၊ Mizzima နှင့် ခေတ်သစ် စသည့် သတင်းဌာန ၅ ခုကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သည်။ ထို့နောက် ကန္တာရဝတီတိုင်း(မ်)၊ ဧရာဝတီသတင်းဌာန၊ The 74 Media၊ မြစ်ကြီးနားဂျာနယ်၊ တာချီလိတ်သတင်းအေဂျင်စီ၊ Delta News Agency၊ ဇေယျာတိုင်း(မ်)သတင်းအေဂျင်စီ၊ ကမာရွတ်သတင်းဌာနနှင့် မွန်သတင်းအေဂျင်စီများကို ထုတ်ဝေခွင့် လိုင်စင်များ ဆက်တိုက် ရုပ်သိမ်းခံခဲ့ရသည့်အတွက် အာဏာသိမ်းလ ၂၀ ကျော်အတွင်း လိုင်စင်ပိတ်သိမ်းခံရသည့် သတင်းဌာန ၁၄ ခုအထိ ရှိလာခဲ့သည်။
ထိုသို့ ပိတ်သိမ်းခံရသည့် သတင်းဌာနများသည်လည်း ရပ်တန့်မသွားဘဲ သတင်းအလုပ် ဆက်လုပ်နိုင်ရန် လွတ်မြောက်နယ်မြေနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်တိမ်းရှောင်ကာ အာဏာသိမ်းနောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်များကို နိုင်ငံတကာနှင့် ပြည်သူများ သိအောင် စဉ်ဆက်မပြတ် တင်ဆက်ခဲ့ကြသည်။
“ တိုင်းရင်းသားသတင်းဌာန အငယ်လေးတွေက ဆက်လက်ပြီး ကိုယ့်နယ်မြေ အခြေပြုပြီးတော့ ဆက်လက် မလုပ်ဆောင်နိုင်တော့ရင် တိုင်းရင်းသားဒေသအသံတွေ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ အကြောင်းအရာတွေကို သူများတွေ သိနိုင်တော့မှာ မဟုတ်ဘူး ” ဟု စောချစ်အေးက သူ့ရပ်တည်ချက်ကို ဆိုသည်။
ထို့သို့ သတင်းသမားများနှင့် လွတ်လပ်သော သတင်းမီဒီယာတိုက်များကို စစ်ကောင်စီက ဖိအားပေးနှိပ်ကွပ်လာသည့် အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အဆင့်သည် ၂၀၂၁ ခုနှစ်တွင် အဆင့် ၁၄၀ မှ ၂၀၂၂ ခုနှစ်တွင် ၁၇၆ သို့ ကျဆင်းခဲ့သည်။ မြန်မာနိုင်ငံ၏ အောက်တွင် မြောက်ကိုရီးယား၊ အီရီထရီးယား၊ အီရန်၊ တပ်ခ်မင်နစ္စတန် စသည့် လေးနိုင်ငံသာ ကျန်ရှိတော့သည်ဟု RSF ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။
ထိုသို့ သတင်းမီဒီယာလွတ်လပ်ခွင့် ညွှန်းကိန်းများ ကျဆင့်လာသည့်တိုင် လူအခွင့်အရေးချိုးဖောက်မှုများကို တားဆီးနိုင်ရန်အတွက် ဝိုင်းဝန်းရေးသားရန်လိုအပ်သည်ဟု ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်းဌာနမှ အယ်ဒီတာတစ်ဦးဖြစ်သည့် မိုင်းအိုက်နိုင်က ဆိုသည်။
၎င်းက ” ကျွန်တော်တို့ မီဒီယာတွေအနေနဲ့နဲ့လည်း သတင်းလွတ်လပ်ခွင့်မရှိသည့်တိုင် လက်လှမ်းမီသလောက် ဒီနိုင်ငံကြီး ဒီထက် ပိုပြီး မဆိုးသွားအောင် သတ်ဖြတ်မှုတွေ လူအခွင့်အရေးချိုးဖောက်မှုတွေ ဒီထက် မဖြစ်အောင် ဝိုင်းဝန်းကြိုးစားရေးဖို့ လိုတယ်။ တိကျမှန်ကန်ပြီး ဆက်လက် လုပ်သွားရမယ် ” ဟု ဆိုသည်။
ဖမ်းဆီး၊ သတ်ဖြတ်မှုများကြားက ရွှေ့ပြောင်းလုပ်ကိုင်နေကြရသည့် သတင်းမီဒီယာသမားများ၊ သတင်းဌာနများအနေဖြင့် ဆက်လက် ရေရှည်ရပ်တည်နိုင်ရေး အခြေအနေသည်လည်း ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။
အာဏာမသိမ်းမီကာလများတွင် သတင်းဌာနများအနေဖြင့် ရပ်တည်ရေးအတွက် ကြော်ငြာ၊ ဆိုရှယ်မီဒီယာပလက်ဖောင်းများမှ ရသည့် ဝင်ငွေများဖြင့် ရပ်တည်နိုင်မည့် နည်းလမ်းများကို ကြိုးပမ်းခဲ့သော်လည်း အာဏာသိမ်းကာလ ဖြစ်ပေါ်လာသည့်အခါ ကြိုးပမ်းခဲ့သည့် ထိုအရာများသည် သဲထဲရေသွန်ဖြစ်ခဲ့ရသည်။
ဆိုရှယ်မီဒီယာပလက်ဖောင်း အသစ်များ ပြန်လည် တည်ဆောက်ပြီး ဝင်ငွေရရှိအောင် ကြိုးစားသော်လည်း ဆိုရှယ်မီဒီယာပေါ်လစီများက အဟန့်တားဖြစ်စေခဲ့သောကြောင့် ယခုအခါ သတင်းဌာနအများစုသည် နိုင်ငံတကာ ထောက်ပံ့မှုများဖြင့်သာ ရပ်တည်နေကြရသည်။ အာဏာသိမ်းကာလ ကြာလာသည်နှင့်အမျှ နိုင်ငံတကာ ထောက်ပံ့မှုများ လျော့နည်းလာသည့်အခါ သတင်းဌာနများအနေဖြင့် ကုန်ကျစရိတ် အနည်းဆုံးဖြင့် ရပ်တည်နိုင်အောင် ကြိုးစားနေရသည့် အခြေအနေကို ဖြတ်ကျော်နေကြရသည်။
မြန်မာ့နိုင်ငံ မီဒီယာများအပေါ် နိုင်ငံတကာ ထောက်ပံ့ကူညီမှုများ လျော့ကျသွားခြင်းသည် အကြောင်းရင်း ၂ ချက်ကြောင့်ဖြစ်သည်ဟု ဝါရင့်သတင်းစာ ဆရာတစ်ဦးက ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။
” အဓိကကတော့ ယူကရိန်းနဲ့ ရှရှားစစ်ပွဲပေါ့။ယူကရိန်းကို ကူညီရတဲ့ အနေအထားက သတင်းမီဒီယာနဲ့ မြန်မာနိုင်ငံရဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို အကူညီပေးနေတဲ့ ဥရောပဖက်က လာတဲ့ အကူအညီတွေ လျော့ကျသွားတာက အကြောင်းရင်း တစ်ခု ဖြစ်တယ်။ နောက်တစ်ခု ဒုတိယအချက်အနေနဲ့ မြင်မိတာကတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခက အချိန်ရှည်ကြာလာတာနဲ့အမျှ ပဋိပက္ခအပေါ် အာရုံစိုက်မှု ထောက်ပံ့မှုတွေက အရှိန်လျော့ကျလာတဲ့ သဘော”ဟုဆိုသည်။
ထို့ကြောင့် သတင်းဌာနများအနေဖြင့်လည်း ယခင်ကဲ့သို့ နှစ်ရှည် အစီအစဉ်များကို မချမှတ်နိုင်တော့ဘဲ လအလိုက် အစီအစဉ်များဖြင့်သာ လုပ်ဆောင်နေကြရသည်။ မည်သည့်အချိန်တွင် လုပ်ငန်းရပ်တန့်သွားမည်ကို မခန့်မှန်းနိုင်သည့် အနေအထားတွင် ရောက်ရှိနေကြရသည်။
အယ်ဒီတာ စောချစ်အေးက ” တချို့လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်ဖို့ နောက်နှစ်ထဲမှာ စီစဉ်ထားတဲ့ ဟာတွေအတွက် ထောက်ပံ့တာ မရသေးတဲ့ဟာ တချို့ ရှိနေတယ်။ အဲဒီလို အခက်အခဲတွေ ရှိလာတယ်။ အထူးသဖြင့် တိုင်းရင်းသားသတင်းဌာန အသေးလေးတွေက ပိုပြီး လိုအပ်နေတဲ့ အခြေအနေမှာ ရှိတယ်။ ကရင်နီရဲ့ သတင်းတွေကို မလုပ်နိုင်တော့ရင် ကရင်နီမှာ ဖြစ်ပျက်နေတဲ့ အကြောင်းရာတွေကို လူတွေ သိတော့မှာမဟုတ်ဘူး။ ဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှုအကြီးကြီးဖြစ်တယ် ” ဟုဆိုသည်။
ထိုသို့သော အခြေအနေများကို ကျော်လွှားနိုင်ရန် နိုင်ငံတကာမှာကဲ့သို့ သတင်းဌာနများ အချင်းချင်း ပူးပေါင်းကာ သတင်းများကို ရေးသားတင်ဆက်မှုများ ပြုလုပ်သင့်သည်ဟု ကျွမ်းကျင်သူများက အကြံပြုကြသည်။
ဝါရင့်သတင်းစာဆရာတစ်ဦးက ” ဘယ်လိုအခြေခံ ဘယ်လိုသဘောတူညီချက်နဲ့ ပေါင်းလုပ်ကြမှာလဲ။ ဥပမာ ပလက်ဖောင်းတွေ အခု ၃၀၊ ၄၀ ဖြစ်နေမယ့်အစား ၂၀ လောက် ဖြစ်လာမယ်ဆိုရင် ဒီ ၂၀ လောက်က ရပ်တည်ရေး ကုန်ကျစရိတ်အတွက် သက်သာတာပေါ့။ အဲဒီလိုမျိုး ပေါင်းပြီး လုပ်ကြရမယ်ဆိုတဲ့ ဟာမျိုး အခြေအနေက တွန်းပို့တာမျိုးလည်း ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဒါပေမယ့် မြန်မာလူမှုအသိုင်းအဝိုင်းမှာတော့ ဒီလိုဟာမျိုးကတော့ အားနည်းနေဆဲပေါ့ ” ဟု ဆိုသည်။
‘‘ ငါမကောင်းလျှင် ငါ့ကို ရေး၊ ငါ့ မိဘုရား မကောင်းလျှင် ငါ့မိဘုရားကို ရေး၊ ငါ့သားသမီး မကောင်းလျှင် ငါ့သားသမီးကို ရေး၊ လွှတ်တရားသူကြီး မကောင်းလျှင် လွှတ်တရားသူကြီးကို ရေး၊ မြို့ဝန် မကောင်းလျှင် မြို့ဝန်ကို ရေး၊ မင်းတို့ သတင်းစာတိုက်၌ အပြစ်မရှိစေရ။ နန်းတော်တွင်းသို့ သတင်းစာတိုက်မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ ’’ ဆိုသည့် မင်းတုန်းမင်းကြီး၏ အမိန့်တော်တစ်ရပ်ကို ကြည့်လျှင် ပဒေသရာဇ်ခေတ်မှာပင် မြန်မာနိုင်ငံ၌ သတင်းမီဒီယာ လွတ်လပ်ခွင့်အကြောင်း ဘုရင် ကိုယ်တိုင် ကောင်းစွာ နားလည်သဘောပေါက်ခဲ့သည်ဟု ဆိုနိုင်သည်။
သို့သော် စစ်အာဏာရှင် အဆက်ဆက်ကတော့ နိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ခဲ့ပြီး ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖိနှိပ်မှုများကို ဖုံးကွယ်ရန် အမြဲတစေ ကြိုးစားအားထုတ်ခဲ့ကြသည်။
စစ်အာဏာရှင်များ ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖိနှိပ်မှုများကြားမှပင် သတင်းမီဒီယာသမားများက ယနေ့တိုင် ကလောင်ကိုင်စွဲ ဖော်ထုတ်ရေးသားတင်ဆက်နေဆဲဖြစ်သည်။ သက်သေပြရမည်ဆိုလျှင် နိုင်ငံတကာသတင်းမီဒီယာများအထိပါ ရောက်ရှိသွားသည့် အရပ်သားပြည်သူများ အစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်စဉ်များက ရပ်ရွာသတင်းထောက်များအပါအဝင် သတင်းသမားများ၏ တာဝန်ကျေပွန်မှုပြယုဂ် မျက်မြင်ပင် ဖြစ်တော့သည်။