သံလွင်ခက်။
ဧပြီ ၂၇၊ ၂၀၂၃။
အာဏာသိမ်းခြင်းကို ဆန့်ကျင့်ကန့်ကွက်မှုများအနက် နည်းပညာတော်လှန်ရေးလည်း အောင်မြင်သည်ဟု အွန်လိုင်းရန်ပုံငွေရှာဖွေသူများက ပြောသည်။
စစ်ကောင်စီက PDF Game ဆော့ကစားသူများကို ဥပဒေအရ အရေးယူမည်ဟု ဧပြီလ ၂၄ ရက်နေ့က စစ်ကောင်စီထုတ် မြန်မာ့အလင်းသတင်းစာ၏ ထုတ်ပြန်ချက်အပေါ် ဆက်စပ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
Play2 Donate အဖွဲ့ဝင်တစ်ဦးက “တကူးတက သတင်းထုတ်ပြန်ရလောက်တဲ့အထိ စစ်ကောင်စီဘက်ကို ဒီလိုကြောက်စိတ် ထည့်ပေးလိုက်နိုင်တာကိုက Digital Strike (ဒီဂျစ်တယ် နည်းပညာ အသုံးပြု၍ သပိတ်မှောက်ခြင်း) ရဲ့ အောင်မြင်မှုလို့ မြင်ပါတယ်။ သူတို့အုပ်ချုပ်လာတဲ့ ကျွန်သက် တစ်လျှောက်လုံး ဒါမျိုး မကြုံဖူးတော့ သူတို့သွေးပျက်နေတာပါ” ဟု ပြောသည်။
Play To Donate သည်အွန်လိုင်းဂိမ်းများ၊ ဗီဒီယိုများ၊ အက်ပလီကေးရှင်းများ ဖန်တီးပြီး တော်လှန်ရေး ရန်ပုံငွေရှာဖွေသော အဖွဲ့အစည်းဖြစ်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်များသည် ဟာသဆန်ပြီး ပြည်သူများကိုဖမ်းဆီးရန် အကြောင်းပြချက်ရှာခြင်းသာဖြစ်သည်ဟု ပဒေသာပင်အဖွဲ့ကို ဦးဆောင်သူက ပြောသည်။
၎င်းက “ဒါပေမယ့် ဒီလို ကြေငြာချက်တွေထုတ်တယ်ဆိုကတည်းက PDF game အပါအဝင် တခြားသော Click Application တွေ၊ Digital channel တွေကနေ ရတဲ့ထောက်ပို့ငွေ လမ်းကြောင်းတွေကို သူတို့ကြောက်နေတယ်ဆိုတာ ဖော်ပြလိုက်တာပါပဲ။ ကျွန်တော့်စိတ်အထင် မကြာခင် တခြားပြစ်မှုနဲ့ဖမ်းမိတဲ့ သူတွေကို PDF game ဆော့လို့ဖမ်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့သတင်းထုတ်ပြန်မှုတွေ လုပ်ပြဦးမယ် ထင်ပါတယ်” ဟု ပြောသည်။
ပဒေသာပင်သည် You Tube Channel မှတဆင့်တော်လှန်ရေး ရန်ပုံငွေ ရှာဖွေသော အဖွဲ့အစည်း ဖြစ်သည်။
ပြည်သူများ၏ ပါဝင်မှုကြောင့် PDF Game Application ထုတ်လုပ်တည်ထောင်ပြီး တစ်နှစ်မပြည့်ခင်ပင်တော်လှန်ရေးအတွက် သိန်းတစ်သောင်းခန့် ထောက်ပံ့နိုင်ခဲ့ပြီး ရှေ့ဆက်လည်း ထောက်ပို့နိုင်ရန် ကြိုးစားလျှက်ရှိသည်ဟု PDF Game Application ကို ဦးဆောင်သူက သံလွင်ခက်ကို ပြောသည်။
ဒီဂျစ်တယ် နည်းပညာ အသုံးပြု၍ သပိတ်မှောက်နေသည့် ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးဂရုစိုက်ကာအားမလျှော့ဘဲ ဆက်လက် ပါဝင်ကြရန် Digital Strike (ဒီဂျစ်တယ် နည်းပညာ အသုံးပြု၍ သပိတ်မှောက်ခြင်း) ကိုဦးဆောင်နေသူများက ပြောသည်။
စစ်ကောင်စီသည် PDF Game Application များ ဆော့ကစားလျှင် ဥပဒေအရ အရေးယူမည်ဟု သတင်းစာတွင်ထည့်သွင်းကြေညာခဲ့သော်လည်း မည်သည့် ဥပဒေပုဒ်မဖြင့် အရေးယူမည်ဆိုသည်ကို ထည့်သွင်းရေးသားထားခြင်း မရှိပေ။
ပုံစာ– တော်လှန်ရေးရန်ပုံငွေရရှိရေး PDF ဂိမ်းဆော့နေသူတစ်ဦး၏မြင်ကွင်း။
Photo-သံလွင်ခက်
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/843
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3866
Website ->https://eng.thanlwinkhet.net