သံလွင်ခက်
ဧပြီ ၂၆ ၊ ၂၀၂၃ ။
ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း–ကယားနယ် ဖယ်ခုံမြို့နယ်အတွင်းရှိ မိုးဗြဲတွင် ယနေ့၌ တိုက်ပွဲပြင်းထန်နေသည်ဟုဒေသခံများထံမှသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် မိုးဗြဲမြို့အထွက်နား၌ ကရင်နီပူးပေါင်းတပ် ဒေသခံကာကွယ်ရေးတပ်တို့နှင့်စစ်ကောင်စီတပ်တို့ယနေ့နံနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည့်နေရာသို့ စစ်ကောင်စီတပ်မှ နံနက် ၁၀ နာရီခွဲကျော်အချိန်၌ တိုက်လေယာဥ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
တိုက်ပွဲပြင်းထန်နေမှုကြောင့် မိုးဗြဲ–ဖယ်ခုံ လမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုကြပါရန်၊ မိုးဗြဲရှိမိဘပြည်သူများ စစ်ရေးသတိရှိကြပါရန်နှင့် အရေးပေါ်အကူညီလိုအပ်ပါက ကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ရန်ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF-PEKHON ZONE တပ်ရင်းက ယနေ့နံနက် ၁၀ နာရီခွဲအချိန်၌အရေးပေါ်သတိပေးကြေညာခဲ့သည်။
ယမန်နေ့ ဧပြီလ၂၅ရက် နေ့လည်ပိုင်းတွင်လည်းစစ်ကောင်စီတပ်က မိုးဗြဲအနောက်ခြမ်းရှိ စစ်ဘေးရှောင်များစခန်းနှင့်ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆောင်းဖွေးဆေးရုံတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ရှမ်း–ကယားနယ်စပ် ဖယ်ခုံမြို့နယ်နှင့်ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းများထိုးလာနေမှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်နေ့ကတည်းက ယခုလအထိတိုက်ပွဲများ ဆက်လက်ပြင်းထန်ဖြစ်ပွားနေသည်ဟု ပူးပေါင်းစစ်ကြောင်းများထံမှသိရသည်။
ပုံစာ–ယမန်နေ့တွင် လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးဗြဲအနောက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံပျက်စီးမှု ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/835
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3849
Website ->https://eng.thanlwinkhet.net