သံလွင်ခက်။
ဧပြီ ၂၆၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နားဋောင်းကျကျေးရွာရှိ စစ်ကောင်စီအခြေစိုက် ပျူစောထီးလေ့ကျင့်ရေးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်က သိမ်းပိုက်ခဲ့သည်ဟု ရှေ့တန်းရောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အင်အား ၃၅ ဦးခန့်ရှိသည့် အဆိုပါ ပျူစောထီးလေ့ကျင့်ရေးစခန်းကို တစ်နာရီခွဲခန့်ကြာ တိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးအဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း ရရှိခဲ့သည်ဟု တန့်ဆည်PDF ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
“သူတို့ဘက်က၁၂ ယောက်သေတယ်။ ကျန်တဲ့သူတွေက စခန်းကျတာနဲ့ ထွက်ပြေးကုန်တာ။ နမခ(အနောက်မြောက်တိုင်း စစ်ဌာနချုပ်) တံဆိပ်ပါ ယူနီဖောင်းတွေနဲ့ ကာဘိုင် ၄ လက်၊ ရှော့ဂန်း ၃ လက်နဲ့ ခဲယမ်းပစ္စည်းတွေ ရတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ ပျူစောထီးလေ့ကျင့်ရေးစခန်းကို ရွှေဘိုခရိုင်တပ်ရင်း ၆၊ တပ်ရင်း ၇၊ တပ်ရင်း ၈၊ တပ်ရင်း ၉၊ တပ်ရင်း၁၂၊ တပ်ရင်း ၂၅၊ တပ်ရင်း ၂၆ တို့အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် Taze Stone အဖွဲ့တို့ကသိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုအတွင်း၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး မစိိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
နားဋောင်းကျကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင်တို့၏ လေ့ကျင့်ရေးစခန်း ရှိခဲ့သည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး၎င်းတို့ရှိကတည်းက ဒေသခံပြည်သူများလည်းထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
အဆိုပါ ကျေးရွာသည် တန့်ဆည်မြို့နှင့် ၄ မိုင်ခန့်အကွာ အရှေ့မြောက်ဘက်ခြမ်း ကန့်ဘလူမြို့နယ်နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် မူးမြစ်ဝှမ်းအနီးတွင် တည်ရှိပြီး တုတ္တလုပ်ကျေးရွာ အုပ်စုတွင် ပါဝင်သည်။
တုတ္တလုပ်ကျေးရွာအုပ်စုသည် ၂၀၂၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၇၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်နေထိုင်သည့် ကျေးရွာဖြစ်သည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့နှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ယခုလ ၂၀ ရက်တွင်လည်း တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တန့်ဆည်မြို့နယ် ရွာရှည်(မ) ကျေးရွာအနီး၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခဲ့ရာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
ပုံစာ – သိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများ။
ပုံ – ပေးပို့/ CJ
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/834
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3846
Website ->https://eng.thanlwinkhet.net