ကောင်းချစ်အောင်
ဧပြီ ၂၆၊ ၂၀၂၃။
ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့်ခရီးတွင် ရေရှည်တည်တံ့သောအဖြေရရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် စစ်ခေါင်းဆောင်ကိုတိုက်တွန်းခဲ့သည်ဟု The Elders အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
The Elders အဖွဲ့၏ ဒုတိယဥက္ကဌဖြစ်သူ မစ္စတာဘန်ကီမွန်းသည် စစ်ကောင်စီ၏ ဖိတ်ကြားမှုဖြင့် ယခုဧပြီလ၂၃ရက်၊ ညနေပိုင်းတွင် နေပြည်တော်ကို ရောက်ရှိလာခဲ့ပြီး ဧပြီလ ၂၄ရက်တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
မစ္စတာဘန်ကီမွန်းအနေဖြင့် ငြိမ်းချမ်းပြီး ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ပြည့်ဝသည့် အစိုးရတစ်ရပ်ဖော်ဆောင်နိုင်ရေးအတွက် လမ်းကြောင်းတစ်ခုရှာဖွေရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု The Elders အဖွဲ့ကဖော်ပြထားသည်။
အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ပြီး သက်ဆိုင်သူအားလုံးနှင့် အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ စတင်နိုင်ရန် မြန်မာနိုင်ငံကို လာခဲ့ခြင်းဖြစ်သည်ဟု မစ္စတာဘန်ကီမွန်းကဆိုသည်။
ရေရှည်တည်တံ့သော အဖြေတစ်ခု ရရှိရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ အပါအဝင် နိုင်ငံရေးပါတီအားလုံး၏ အရေးပါမှုကို မစ္စတာဘန်ကီမွန်းက အလေးပေး ပြောကြားခဲ့သည်။
ထို့ပြင်၎င်းက “မြန်မာပြည်သူတွေ ထိုက်တန်တဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လွတ်လပ်မှုရရှိဖို့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမှာပါ ” ဟု ပြောသည်။
အာဆီယံဘုံသဘောတူညီချက်ငါးရပ်အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ်၂၆၆၉ကို အကောင်အထည်ဖော်လိုက်နာရန်ကိုလည်း မစ္စတာဘန်ကီမွန်းက ဖိအားပေးပြောဆိုခဲ့သည်ဟု The Elders အဖွဲ့ကဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီလက စစ်ကောင်စီနှင့် မစ္စတာဘန်ကီမွန်းတွေ့ဆုံသည့်ကိစ္စကိုမူအားဖြင့် ကန့်ကွက်ရှုတ်ချသင့်သည်ဟု ထင်မြင်မိကြောင်းယမန်နေ့၌ ပြုလုပ်သည့် ၁၆ကြိမ်မြောက် အစိုးရအစည်းအဝေးတွင် ထည့်သွင်းပြောကြားသွားသည်။
“ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ကို လက်လွတ်စပယ် သတ်ဖြတ်ညှင်းဆဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ ဇာတ်ခုံမှာ လူမိုက်ကို ပွဲထုတ်နေတယ်လို့ ယူဆပါတယ်။ ဒါဟာ ကျင့်ဝတ်အားဖြင့် မလျော်ကန်တဲ့ကိစ္စလို့လည်း ယူဆပါတယ်“ဟု ဆိုသည်။
ဆက်လက်ပြီး NUG ဒုသမ္မတက“ နိုင်ငံတကာအစုအဖွဲ့ကိုယ်စားလှယ်တွေဟာ အကြမ်းဖက် စစ်ကောင်စီကိုယဉ်ကျေးအောင် ချော့မြူနိုင်ဖို့ ကြိုးစားနေဟန်ရှိပါတယ်။ ယခင် စစ်အစိုးရ အဆက်ဆက်မှာလည်း ဒီလိုပုံသေနည်းနဲ့ ချည်းကပ်ခဲ့လို့၊ ကျွန်တော်တို့ နိုင်ငံမှာ စစ်အာဏာရှင်ဟာ သက်ဆိုးရှည်နေခဲ့တာ တွေ့ရတယ်။ အခုလည်း စစ်အာဏာသိမ်းမှုနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ စစ်အာဏာာရှင်တွေကို သက်ဆိုးရှည်အောင် / အသက်ရှုပေါက်ချောင်အောင် လုပ်နေတယ်လို့ ယူဆပါတယ်“ဟု ပြောကြားခဲ့သည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ မစ္စတာဘန်ကီမွန်းသည် ယခုခရီးစဥ်အတွင်း၌အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် သမ္မတဟောင်း ဦးသိန်းစိန်ကိုပါ သွားရောက်တွေ့ဆုံခဲ့သည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ ရှစ်ယောက်မြောက် အတွင်းရေးမှူးချုပ်ဖြစ်ခဲ့သည့် မစ္စတာဘန်ကီမွန်းသည် ၂၀၁၆ NLD အစိုးရလက်ထက် နေပြည်တော်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ခဲ့ဖူးသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/826
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3838
Website ->https://eng.thanlwinkhet.net