သံလွင်ခက်
ဧပြီ ၂၆ ၊ ၂၀၂၃ ။
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် ကြိုးတံတားတစ်စင်းအား ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မတူပီCDFတို့က အကောင်အထည်ဖော် ဆောက်လုပ်နိုင်ခဲ့သည်။
၂၀၂၂ -၂၀၂၃ ခုနှစ်အတွက် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် Chinland Defense Force-Matupi တို့၏ စီမံချက်လုပ်ငန်းများအနက် မတူပီမြို့နယ်အတွင်းတွင် ကြိုးတံတား (အရှည် ၂၇၀ ပေ)တစ်စင်းနှင့် တံတားချဉ်းကပ်လမ်း (၅.၅ ဖာလုံ)ကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကြိုးတံတားကို ပြည်သူလူထု၊ CDF – Matupi၊ မြို့နယ်/ဒေသ/ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်တွင် စတင်တည်ဆောက်ခဲ့သည်။
ထို့နောက် ၄ လကျော်အကြာ ယခုနှစ် ဧပြီလ၂၀ရက်တွင် ဖွင့်ပွဲပြုလုပ်၍ ပြည်သူများ သွားလာအသုံးပြုနိုင်နေပြီဖြစ်သည်ဟု ယမန်နေ့တွင် မတူပီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ ကြိုးတံတားတည်ဆောက်မှုတွင် လုပ်အားဖြင့်သော်လည်းကောင်း၊ ငွေကြေး/ပစ္စည်းအားဖြင့်သော်လည်းကောင်း ပူးပေါင်းပါဝင်သူအားလုံးအပေါ် အထူးကျေးဇူးတင် မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု မတူပီပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဖော်ပြထားသည်။
မတူပီမြို့နယ်အတွင်း၌ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး ပြန်လည်ပြုပြင်ခြင်း/ အသစ်ဖောက်လုပ်ခြင်းများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်ရှိပါသဖြင့် အကြံဉာဏ်အားဖြင့်သော်လည်းကောင်း၊ ငွေကြေးအားဖြင့်သော်လည်းကောင်း ပူးပေါင်းပါဝင်ပေးကြပါရန်ကိုလည်း မတူပီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံဖိတ်ခေါ်ထားသည်။
ပုံစာ – မတူပီမြို့နယ်အတွင်း၌ ကြိုးတံတားတည်ဆောက်မှုအတွက် ပစ္စည်းစုဆောင်းမှု၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ဖွင့်ပွဲပြုလုပ်မှုများ ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/825
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3835
Website ->https://eng.thanlwinkhet.net