ကောင်းချစ်အောင်
ဧပြီ ၂၄၊ ၂၀၂၃။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်၅ရပ်ကွက်ရှိ ဒုတိုင်းရဲတပ်ဖွဲ့မှူးနေအိမ် ဗုံးခွဲခံရပြီးနောက်ပိုင်း လူငယ်လေးဆယ်ခန့်ကို စစ်ကောင်စီက ယမန်နေ့၌ လိုက်လံဖမ်းဆီးနေခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။
ပုသိမ်မြို့ အမှတ်၅ရပ်ကွက် သစ္စာလမ်းနှင့် ထောင်ကုန်းလမ်းရှိ ဒုတိုင်းရဲတပ်ဖွဲ့မှူးအိမ်ကို PSTF မြို့ပြပြောက်ကျားတပ်ဖွဲ့က ဧပြီလ ၂၂ရက်၊ ည ၉နာရီဝန်းကျင်တွင် နှစ်ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုအပြီး မြို့ပြပြောက်ကျားအဖွဲ့ဝင်များ လုံခြုံမှုရှိသော်လည်း ယမန်နေ့တစ်ရက်အတွင်း ဖမ်းဆီးခံရသူလေးဆယ်ဝန်းကျင်ရှိပြီး အတိအကျ အတည်မပြုနိုင်သေးဘူးဟု ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
“လူငယ်တွေကို ဖမ်းဆီးတဲ့နေရာမှာ ရဲလုံးဝမပါဘူး ။ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နပတ)ကိုခေါ်သွားတယ်လို့ ကနဦးကြားထားတယ်“ဟု PSTF တာဝန်ခံက ဆိုသည်။
ဖမ်းဆီးခံရသူများသည် ဗုံးခွဲခံရသည့်ရပ်ကွက်နှင့်ဝေးသည့် အမှတ် ၁၀ရပ်ကွက်၊ ဘုရားကြီးကုန်းရွာ နှင့် အမှတ်၁၃ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီးအိမ်တိုင်ရာရောက် ဖမ်းဆီးခံရမှုများလည်းရှိခဲ့သည်ဟု ဘုရားကြီးကုန်းတွင်နေထိုင်သူတစ်ဦးကပြောသည်။
“၅ရပ်ကွက်နဲ့ဆိုရင်တော့ လှမ်းတယ်။ အိမ်ထဲထိလာဖမ်းတာ ဘာလို့လဲတော့ မသိရဘူး“ဟု ၎င်းက ဆိုသည်။
ဒုတိုင်းရဲတပ်ဖွဲ့မှူးအိမ်ကို နှစ်ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့ရာတွင် ထိခိုက်ပျက်စီးမှုအခြေအနေကို အတိအကျမသိရသေးဘူးဟု ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့ PSTF တာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ လုပ်တာပါ။ လက်ရှိအဲနေရာမှာ လုံခြုံရေးတင်းကြပ်ထားတော့ ထိခိုက်မှုအတည်မပြုနိုင်ဘူး။ ရဲတပ်ဖွဲ့မှုးမိသားစုကိုတော့ ညတွင်းချင်းနေရာရွှေ့လိုက်တယ်“ဟု ၎င်းကပြောသည်။
ယခုလ ဧပြီ ၄ရက်တွင်လည်း ပုသိမ်မြို့ အမှတ် ၄ရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် PSTFက ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။
တိုက်ခိုက်ခံရပြီးနောက် ပုသိမ်မြို့တွင်းလမ်းများတွင် အတားအဆီးချထားသည့် နေရာများလာသောကြောင့်ယာဉ်ကြောကြပ်မှုများ ကြုံတွေ့နေရသည်ဟု မြို့ခံများထံမှသိရသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/793
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3786
Website ->https://eng.thanlwinkhet.net