ကောင်းချစ်အောင်
ဧပြီ ၂၄၊ ၂၀၂၃။
မြန်မာ့အရေးနှင့်ပတ်သက်သော ဘုံသဘောတူညီချက်ငါးရပ်အား အာဆီယံအဖွဲ့အစည်းအနေဖြင့် တိုးတက်ပြောင်းလဲမှုရှိသည့် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ယနေ့ချိန်ထိမပြုလုပ်နိုင်သေးဟု နိုင်ငံရေးလေ့လာသုံးသပ်သူများကဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးလနီးပါးအကြာ ၂၀၂၁ခုနှစ် ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး၌ ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးအကြပ်အတည်းကို ဖြေရှင်းရန် ဘုံသဘောတူညီချက်ငါးရပ်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါသဘောတူညီချက် ၅ခုထဲတွင် အကြမ်းဖက်မှုအားလုံးချက်ချင်းရပ်ရန် စစ်ကောင်စီကိုတောင်းဆိုထားပြီးသက်ဆိုင်သူများအကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းသည့်နည်းဖြင့် အဖြေရှာကြရန် စသည့် အချက်များပါဝင်နေသည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် အမှန်တကယ်ဖြစ်ပျက်နေသည့်အခြေအနေကို နားလည်ရန်လိုအပ်ပြီး မြန်မာစစ်တပ်နှင့် အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုသည် မဖြစ်နိုင်ဟု အမျိုးသားညီညွတ်ရေးအစိုးရပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။
“အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာ နားလည်ဖို့လိုမယ်။ ဒီလောက်ပြည်သူလူထုအပေါ်မှာ ဖိနှပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ယှဉ်တွဲနေထိုင်ဖို့ ပြည်သူလူထုမှာ စိတ်ဆန္ဒရှိရဲ့လားဆိုတာသိဖို့လိုမယ်။ကျွန်တော်တို့ကတော့ ပြည်သူကို သွေဖယ်ပြီးမလုပ်ဘူး“ဟု ၎င်းကပြောသည်။
အာဆီယံဘုံသဘောတူညီချက်၅ရပ်သည် မြန်မာပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ၏ သဘောထားမပါဘဲ ရေးဆွဲထားသည့် ဘုံသဘောတူညီချက်များဖြစ်ပြီး တိကျသည့် အချိန်သတ်မှတ်ချက်များနှင့်အကောင်အထည်ဖော်ရေးအစီအစဉ်ကိုလည်း ရေးဆွဲဖော်ထုတ်နိုင်ခြင်းမရှိဘူးဟု မြန်မာ့အရေးလေ့လာသုံးသပ်သူဒေါက်တာစိုင်းကြည်ဇင်စိုးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ပြည်သူတွေရော တော်လှန်ရေးအင်အားစုတွေရောရဲ့ သဘောထားတွေမပါဘဲ ချမှတ်ထားတာ ပြီးတော့ အပစ်အခတ်ရပ်စဲဖို့ရယ် အစုအဖွဲ့တွေအကြား ညှိနှိုင်းတွေ့ဆုံဖို့ရယ် အဲနှစ်ချက်မှာ ပြဿနာတက်နေတာ“ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာအတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင်ကျင်းပခဲ့သော အကြိမ် (၄၀) မြောက်နှင့်(၄၁) ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ၁၀ ချက်ထပ်မံထည့်သွင်းကာ လက်တွေ့အကောင်အထည်ဖော်မှုအစီအစဉ်တစ်ခုကို ရေးဆွဲရမည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဆုံးဖြတ်ချက်ချခဲ့ကြသည်။
သို့သော်လည်း စစ်ကောင်စီအနေဖြင့် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို စွက်ဖက်ခွင့်မရှိ သည့်အချက်ကိုစွဲကိုင်ကာ ယခုထိတိုင် ဘုံဘဘောတူညီချက်များကိုဆန့်ကျင်၍ ယခုထိတိုင် လိုက်နာ ဆောင်ရွက်ခြင်းမရှိသေးပေ။
စစ်အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း၌ အာဆီယံအလှည့်ကျဥက္ကဌနေရာ သုံးဆက်ပြောင်းလဲခဲ့ပြီး စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် ဘရူနိုင်းနိုင်ငံမှ တာဝန်ယူခဲ့ကာ ယမန်နှစ်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် လက်ရှိကာလတွင် အင်ဒိုနီးရှားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူနေခြင်းဖြစ်သည်။
လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ဘုံသဘောတူညီချက်အတိုင်း တစ်ကြိမ်မျှ မဆွေးနွေးဖူးသည့်သူများနှင့် တွေ့ဆုံနေသည်ဟု ဆိုသော်လည်းအမျိုးသားညီညွတ်ရေးအစိုးရနှင့် တရားဝင် တွေ့ဆုံခြင်းမရှိသေးဘူးဟု ဦးနေဘုန်းလတ်က ပြောသည်။
၎င်းက“အင်ဒိုနီးရှားက silent diplomacy နဲ့ တိတ်တိတ်လေးသွားနေတဲ့သဘောပေါ့။ အဲတော့ ဘယ်တော်လှန်ရေးအင်အားစုတွေနဲ့တွေ့နေလဲမသိရဘူး။ NUGနဲ့လည်း လက်ရှိအထိ တရားဝင်တွေ့ဆုံတာမျိူးမရှိသေးဘူး“ဟုဆိုသည်။
ပြီးခဲ့သည့်နှစ် အာဆီယံဥက္ကဌ အဖြစ်တာဝန်ယူခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းသည် ဘုံသဘောတူညီချက်အတိုင်း မြန်မာ့အရေးဖြေရှင်းရန် သုံးကြိမ်လာရောက်ခဲ့သည်။
အဆိုပါခရီးစဉ်များအတွင်း မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်အပြင် အပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ရက်တွင်ထုတ်ပြန်ခဲ့သည့် အာဆီယံဘုံသဘောတူညီချက် ၅ရပ်မှာ…
၁။အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ရန်နှင့် သက်ဆိုင်သူအဘက်ဘက်က ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန်။
၂။သက်ဆိုင်သူတွေအကြား အပြုသဘောဆောင်ဆွေးနွေးပြီး ငြိမ်းချမ်းတဲ့အဖြေရှာကြရန်။
၃။အာဆီယံအတွင်းရေးမှုးချုပ်ရဲ့ ကူညီမှုကိုရယူပြီး ဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေကို ညှိနှိုင်းပေးရန်။
၄။အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနကနေတဆင့် လူသားချင်းစာနာမှုအကူအညီများ ပေးသွားရန်။
၅။အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကိုသွားရောက်ပြီး ပြည်တွင်းကသက်ဆိုင်သူ ဘက်ပေါင်းစုံ နဲ့တွေ့ဆုံရန် တို့ဖြစ်သည်။
ပုံစာ–အာဆီယံအထူးကိုယ်စားလှယ်ပရက်ဆော့ခွန်းနှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ တွေ့ဆုံခဲ့စဉ်
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/795
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3790
Website ->https://eng.thanlwinkhet.net