ကောင်းချစ်အောင်
ဧပြီ ၂၃၊ ၂၀၂၃။
နယ်စပ်တည်ငြိမ်ရေးနှင့် တရားမဝင်လက်နက်ကုန်သွယ်မှု ပပျောက်ရေးအတွက် မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr Don Pramudwinai တို့ နေပြည်တော်၌တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
ထိုသို့တွေ့ဆုံမှုသည် ထိုင်းအစိုးရအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းလိုသည့် သဘောကိုတွေ့ရပြီး နယ်စပ်ဒေသရှိစစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုများကို ထိန်းချုပ်ရန်ကြိုးစားမှု ဖြစ်သည်ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သံလွင်ခက်ကိုပြောသည်။
“မြန်မာရောထိုင်းမှာပါ ခေတ်အဆက်ဆက်တူတာက လာဘ်ပေးလာဘ်ယူတာနဲ့ အကျင့်ပျက်ချစားတာပါ ။အဲဒါမို့တရားမဝင်ကုန်သွယ်မှုကတော့ လုံးဝပျောက်သွားမယ်လို့မမြင်မိပါဘူး။ ဒါပေမယ့် နယ်စပ်က တော်လှန်ရေးအင်အားစုတွေကို ထိန်းချုပ်တဲ့ကြိုးစားမှုပါ“ဟု ဆိုသည်။
တရားမဝင် လက်နက်ကုန်သွယ်မှု အပါအဝင် လူကုန်ကူးမှုများ၊ မူးယစ်ကုန်သွယ်မှုများ ပပျောက်သွားရေးအတွက်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ထားသော်လည်းအသေးစိတ်ကိုမူစစ်ကောင်စီဘက်က မဖော်ပြထားပေ။
ဧပြီလ၂၁ရက်တွေ့ဆုံပွဲတွင် အာဏာသိမ်စစ်ခေါင်းဆောင် အပြင် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်းဆွေ၊ အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ဦးကိုကိုလှိုင်တို့လည်း တက်ရောက်ခဲ့ကြသည်။
စစ်ကောင်စီနှင့်မကြာခဏတွေ့ဆုံနေသည့်ထိုင်းနိုင်ငံသည် တော်လှန်ရေးအင်အားစုများကို ဖမ်းဆီးမှုများရှိနေပြီးယခုလ ဧပြီ၄ရက်တွင်မဲဆောက်မြို့သို့ ဆေးကုရန်လာရောက်သည့် PDF တပ်ဖွဲ့ဝင်သုံးဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေး (တောမောင်း)များက ဖမ်းဆီး၍ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF) ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် မတ်လ ၂၂ ရက်ကလည်း မဲဆောက်မြို့၊ မယ်ပရပ်ကွက်ရှိ မြန်မာနိုင်ငံသားများနေထိုင်သည့်အိမ်ရာတစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကာ မြန်မာလူငယ်နှစ်ဦးကို စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထိုအခြေအနေများကြောင့် မြန်မာ–ထိုင်းနယ်စပ်ရှိ စစ်ဘေးရှောင်များ၊ တရားမဝင်နေထိုင်သူများအတွက် နေထိုင်ရပိုမိုကြပ်တည်းလာနိုင်ပြီး ထိုင်းဘဏ်ဝန်ဆောင်မှုအပိုင်းတွင်လည်း မြန်မာနှင့်ပတ်သတ်ပြီး ကန့်သတ်မှုများ ရှိလာနိုင်သည်ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ထားသည်။
“စစ်ရှောင်တွေ တရားမဝင်နေသူတွေအပြင် စကစဘက်က အကြမ်းဖက်အဖွဲ့အစည်းလို့ကြေညာထားတဲ့သူတွေကိုကူညီထောက်ပံ့ပေးနေရင် တရားဝင်နေသူတွေပါ ပိုကြပ်တည်းလာနိုင်တယ်“ဟု ဆိုသည်။
ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချလမ်ပိုလ် ဆရီဆဝဒ် (Chalermpol Srisawat) ၏ ယခုနှစ်ဇန်နဝါရီလတွင် သုံးရက်တာ ရခိုင်ပြည်နယ် သံတွဲခရီးစဉ်အတွင်း၌ မြန်မာစစ်ခေါင်းဆောင်နှင့်တွေ့ဆုံကာ နယ်စပ်ဒေသတလျှောက် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် စစ်တပ်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများဆွေးနွေးခဲ့ကြသည်ဟု ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လအတွင်းကလည်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် တရုတ်–မြန်မာ–ထိုင်း သုံးနိုင်ငံရဲတပ်ဖွဲ့တွေ ပူးပေါင်းကာ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်လည်း တက်ရောက်ခဲ့သည်။
ပုံစာ–မြန်မာစစ်ခေါင်းဆောင်နှင့် ထိုင်းဒုတိယဝန်ကြီးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့မှု။
*******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3561
Website ->https://eng.thanlwinkhet.net