သံလွင်ခက်
ဧပြီ ၂၃ ၊ ၂၀၂၃ ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) တပ်ပေါင်းစုမှ အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်စခန်း ၄ခုကိုတစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပြီး စခန်း ၂ခုလုံးအား ချေမှုန်းဖျက်ဆီးနိုင်ခဲ့သည်ဟု ယနေ့တွင်ကေအဲန်ယူဗဟိုကသတင်းထုတ်ပြန်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃) တပ်ပေါင်းစုမှ ယမန်နေ့ ဧပြီလ ၂၂ရက် နံနက် ၄း၃၀နာရီမှ ၅း၃၀ နာရီအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်စခန်း ၄ခုကို တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့သည်။
KNLA ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့သည့်စခန်းများမှာ ကေအဲန်ယူ–မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနှင့် ကေအဲန်ယူ–လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ဖြစ်သည်။
လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့်် ကျွန်းကုန်းစခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ပြီး လက်နက်များသိမ်းဆည်း ရမိသော်လည်း ကေအဲန်ယူ–မူးမြို့နယ်ရှိ နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင် စခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ခြင်းမရှိခဲ့ပါ။
ထိုစခန်းနှစ်ခုကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးနိုင်ခြင်းမရှိသည့် အကြောင်းရင်းမှာ ရန်သူများက စခန်းတွင်မနေပဲအပြင်ဘက်သို့ ပုန်းရှောင်နေခြင်းကြောင့်ဖြစ်သည်ဟု ကေအဲန်ယူဗဟိုကဖော်ပြထားသည်။
စစ်ကောင်စီစခန်းများကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးရာတွင် စစ်ကောင်စီဘက်မှ ၁၆ဦး သေဆုံး၍ ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများထဲတွင် ဒုတပ်ရင်းမှူးတစ်ဦးပါဝင်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃) တပ်ပေါင်းစုဘက်မှ ၁ဦး ကျဆုံးကာ ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
တိုက်ခိုက်ချေမှုန်းဖျက်စီးခံရသည့် အာဏာသိမ်း စစ်ကောင်စီ စခန်းတွင် နယ်မြေခံတပ်များဖြစ်သော ခလရ–၆၀၊ခမရ–၃၅၁အပြင် နောက်ထပ်အင်အားထမ်မံ ဖြည့်တင်း လာသည့် တပ်များဖြစ်သော တပ်မ–၇၇နှင့် ခမရ–၅၉၈တို့ပါဝင်သည်။
စခန်းများကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးပြီး KNLA တပ်မဟာ (၃) တပ်ပေါင်းစုမှ ပြန်လည်ထွက်ခွာလာသည့်အချိန်မှသာလျှင် စစ်ကောင်စီဘက်မှ ကေအဲန်ယူ–လယ်ဒိုမြို့နယ်ရှိ ညောင်တန်း၊ ညောင်ကုန်းနှင့် နရွဲပင်ကျေးရွာများကြားတွင် နံနက် ၇း၄၀ နာရီမှ ၇း၅၀ နာရီထိ ဟယ်လီကော်ပတာဖြင့် ၄ကြိမ် လာရောက်ဗုံးကြဲခဲ့သည်။
ထို့နောက် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၈း၀၅ နာရီအချိန်တွင် အော်လီဂန်းဖြင့် တစ်ဖန်ထပ်မံပစ်ခတ်ခဲ့သည်။ဆက်လက်ပြီး ၈း၁၀ နာရီအချိန်တွင် နောက်ထပ်ဗုံး ၂လုံးကြဲခဲ့ကာ အော်လီဂန်းဖြင့် ထပ်မံပစ်ခတ် ခဲ့ပြီး ၈း၅၀ နာရီအချိန်တွင် နောင်ကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြားမှ ကားလမ်းမပေါ်တွင် တရစပ် ထပ်မံ ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအတွင်း၌ ဂျက်ဖိုက်တာ၁စီးနှင့် ဟယ်လီ ကော်ပတာ ၂စီး တို့ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဘက်မှ ထိုသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းကြောင့် ကေအဲန်ယူ–လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တွင် ဒေသခံ ပြည်သူ လူများ ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
*******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/780
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3759
Website ->https://eng.thanlwinkhet.net