ကောင်းချစ်အောင်
ဧပြီ ၂၀၊ ၂၀၂၃။
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် မန်ကျည်းကန်ရွာရှိ ကျေးလက်ဆေးပေးခန်းကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဆရာဝန်နှစ်ဦးနှင့် ဒေသခံ ၁၄ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်း ယခုလဧပြီ ၁၈ရက်၊ နေ့လည် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က Mi35 ဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ပြီး Mi 17 နှစ်စီးဖြင့် လူချကာ ဆေးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၃၀ ဦးကျော်ကိုဖမ်းဆီးသွားခဲ့သည်။
ထို့နောက် ယမန်နေ့ နေ့လည် ၁၁နာရီခန့်တွင် Mi 35 တစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက် ဆေးခန်းအပါအဝင် နေအိမ်လေးလုံး၊ ကားနှစ်စီးနှင့် ဆိုင်ကယ်လေးစီးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု We Love Myaing အဖွဲ့ထံမှ သိရသည်။
မန်ကျည်းကန်ရွာ၏ အရှေ့တောင်ဘက်တွင် အသက် ၁၆နှစ်အရွယ် အမျိုးသားအလောင်းကို နှိပ်စက်ဒဏ်ရာများဖြင့် တွေ့ရကြောင်းနှင့် ဖမ်းဆီးခံပြည်သူများအနက် ၁၄ဦးကို ဓားစာခံအနေဖြင့် ဖမ်းဆီးကာ ကန်နီပျူစောထီးရွာသို့ခေါ်ဆောင်သွားသည်ဟု မြိုင်ဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဆရာဝန် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ရဟတ်ယာဉ်နဲ့ တင်ခေါ်သွားတယ်။ ၁၄ယောက်ကတော့ ပျူရွာကို ပါသွားတယ်“ဟု ၎င်းကဆိုသည်။
လူဦးရေ ၁၅၀၀ခန့်ရှိသည့် မန်ကျည်းကန်ရွာကျေးလက်ဆေးခန်းသည် ယခုကာလတွင်ပြည်သူများကျန်းမာရေးစောင့်ရှောင့်မှုအတွက် အားကိုးအားထားရာဖြစ်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) အကူအညီဖြင့် ၂၀၁၄ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ မြိုင်မြို့နယ်မကျည်းကန်ဆေးခန်းအားကာကွယ်ရေးတပ်ဖွဲ့ဝင်များရှိသည်ဟု သတင်းပေးမှုကြောင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ဆေးခန်းအတွင်း၌လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီလက်အောက်ခံ သတင်းချန်နယ်များတွင်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖော်ပြထားသည်။
ထို့ပြင် သံသယရှိသူ အမျိုးသား ၁၀ဦးနှင့် အမျိုးသမီး ၂၀ဦးကို ခေတ္တ ဖမ်းဆီးထားပြီး ကျည်အိမ်မျိုးစုံ၊ ဗုံးသီးမျိုးစုံ နှင့်အတူ Myaing PDF တံဆိပ်ပါ ယူနီဖောင်းများကို သိမ်းဆည်းရမိသည်ဟုလည်း ပါရှိသည်။
ဓာတ်ပုံ-photo- နွေဦးတော်လှန်ရေး(မြိုင်)
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3687
Website ->https://eng.thanlwinkhet.net