သံလွင်ခက်။
ဧပြီ ၂၀၊ ၂၀၂၃။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အိုင်းမကျေးရွာအုပ်စုရှိ လောင်းဘိုလေးကျေးရွာကိုလေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ ဧပြီ ၂၀ ရက် နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် လောင်းဘိုလေးကျေးရွာကို လေကြောင်းဖြင့် ၂ ကြိမ်တိုင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ဗိုလ်ရန်ကင်းက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” လောင်းဘိုလေးရွာကို လာပစ်သွားတာ။ လာပစ်သွားတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူး။ တိုက်ပွဲမဖြစ်ဘဲ ဒီတိုင်းရွာကို လာကြဲသွားတယ် ကြားတယ် ” ဟုဆိုသည်။
ထီးလင်းမြို့နယ်အတွင်းကို စစ်ကောင်စီက ဖုန်းလိုင်းအပါအဝင် အင်တာနက်လိုင်းများပါ ဖြတ်တောက်ထားသည့်အတွက် ထိခိုက် သေဆုံးမှုအခြေနေများကို သံလွင်ခက်သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းအတည်ပြုနေဆဲဖြစ်သည်။
နေပြည်တော်လေဆိပ်မှ တက်လာသည့် ဂျက်ဖိုက်တာ တစ်စီးသည် ထီးလင်းမြို့နယ်မြောက်ပိုင်း YRA(Yaw Revolution Army) အခြေစိုက်ရာ ပအဖရုံးနှင့် ပုံညာတောင်တန်းစစ်ရှောင်စခန်းရုံးစိုက်ရာ လောင်းဘိုလေးရွာရှိအဆောက်အဦးတစ်ခုကို လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ယောအလင်းတန်းက ထုတ်ပြန်ထားသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ရုံးအဆောက်အဦးတစ်ခုလုံးပျက်စီးခဲ့ပြီး ရုံးဝန်ထမ်း ၃ ဦး(ကျား–၂/မ–၁)အသက်ဆုံးရှုံးခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ထို့ပြင် ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ယောအလင်းတန်းက ထုတ်ပြန်ထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3684
Website ->https://eng.thanlwinkhet.net