ကောင်းချစ်အောင်
ဧပြီ ၁၉၊ ၂၀၂၃။
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ မုံရွာ–ယာကြီး–ကလေးဝကားလမ်း မိုင်တိုင် ၄၉အနီး စစ်ကောင်စီ တာဝါတိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်တိုက်ပွဲတွင်း၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရသည်ဟု ကနီဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ကျဆုံးရဲဘော်မှာအသက် ၂၃နှစ် ဝန်းကျင် ရဲဘော်အောင်ငြိမ်းချမ်းဖြစ်ပြီး Kani People’s Defence Force -KPDF 2၊ ယင်းမာပင်ခရိုင်တပ်ရင်း–၁၈မှ ရဲဘော်တစ်ဦးဖြစ်သည်ဟု KPDF-2 တပ်ရင်း တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“အောင်ငြိမ်းချမ်းက တိုက်ပွဲမှာ ပွဲချင်းပြီးကျတာပါ။သူ့အတွက်ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ဖို့ရှိပါတယ်။ ပြီးတော့ မဟာမိတ်တွေဘက်က ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပါတယ်“ဟု ဆိုသည်။
ထို့အပြင် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦး အပြင်းအထန်စိုးရိမ်ဒဏ်ရာရပြီး ရဲဘော် ၁၆ဦး မစိုးရိမ်ရဒဏ်ရာရသည်ဟု ကနီလူထုသပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်ထံမှ သိရသည်။
အဆိုပါ မဟူတောင်တာဝါတိုင်စခန်းကို ပြီးခဲ့သည့်ရက်ပိုင်းယခုလ ဧပြီ၁၇ရက် နှစ်ဆန်းတစ်ရက်နေ့ နံနက် ၇နာရီခွဲခန့်မှ ၈နာရီအထိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ဦးကျော်သေဆုံးကာ ၆ဦးမှာထွက်ပြေးသွားသည်ဟု အမည်မဖော်လိုသူ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
” ၆ဦးလွတ်သွားတယ်။ အဲ့ထဲမှာ ဗိုလ်ကြီးလည်းပါတယ် ။ကျန်တဲ့သူတွေကတော့ စခန်းကုန်းမှာပဲသေသွားတာ။ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေလည်း ထိခိုက်မှုတွေရှိတယ် “ဟု ၎င်းကဆိုသည်။
စခန်းသိမ်းပြီးပြီးချင်း စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်များဖြင့် မဟူတောင်ကြောပေါ်သို့ စစ်ကူများလာရောက်ချသွားပြီး ကာကွယ်ရေးရဲဘော်များ အလျင်အမြန်ဆုတ်ခွာခဲ့ရသည်ဟု KPDF-2 တပ်ရင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
“မိနစ်နှစ်ဆယ်အတွင်းအမြန်လုပ်ရတော့ အလောင်းတွေကို record တော့ယူထားတယ် အဲဖိုင်တွေ ဘယ်သူ့ဆီရောက်သွားလဲ မစိစစ်နိုင်သေးဘူးဗျ“ဟုဆိုသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း MA-2 ၃လက်၊ MA – 11 ၆လက်၊ MA – 3 ၅လက်၊ MA – 4 ၁လက်၊ MA ကျည်ဘောက် ၈ခု၊ ၅.၅၆ကျည် ၉၃၈၀တောင့်၊ 60mm ပြောင်းတို ၁လက်၊ 60 mm ဗုံးသီး ၅၀လုံး၊ 40 mm ဗုံးသီး၅၇လုံး၊ လက်ပစ်ဗုံးသီး ၅၆လုံး၊ ရှေ့ထွက်မိုင်း ၁၀လုံး၊ နင်းမိုင်း ၂၉ လုံး၊ Detonatorလက်ပစ်၃၇ခု၊ Detonator မိုင်း၄၅ခု ၊ချပ်ဝတ်တန်ဆာ ၂ ခု၊ ငွေကျပ် ၁၁၁၀၀ ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မဟူတောင် တာဝါတိုင်စခန်းတွင် ကေဘယ်ဆက်သွယ်ရေးကွန်ယက်ရှိပြီး စစ်ကောင်စီ၏ ဆက်သွယ်ရေးအရဗျူဟာကျသည့် စခန်းတစ်ခုဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကဆိုသည်။
ယနေ့တွင် မဟူတောင်ကြောတစ်လျှောက် စစ်ကောင်စီဘက်မှ ထပ်တိုးအင်အားချထားသောကြောင့် မုံရွာ–ယာကြီးလမ်းပိုင်းရှိ ဒေသခံပြည်သူများ သတိထားသွားလာကြရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3653
Website ->https://eng.thanlwinkhet.net