ယမင်းဖူးပွင့်အောင်
ဧပြီ ၁၉၊ ၂၀၂၃။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ တကောင်းတိုက်နယ်တွင် လေကြောင်းအန္တရာယ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှောရောဂါခံစားနေရသည်ဟု ဒေသခံများကပြောသည်။
ရေရှားပါးသည့် နွေရာသီကာလတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် စစ်ဘေးရှောင်ပြည်သူများ ဝမ်းရောဂါခံစားနေခြင်းဖြစ်သည်ဟု တကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“နွေရာသီဆိုတော့ ရေရှားတယ်လေ။ ရှိတဲ့ရေလေးနဲ့ပဲ အဆင်ပြေအောင်သုံးရတာ။ ရေကလည်း မသန့်ဘူး။ကလေးသူငယ်တွေနဲ့ လူကြီးပိုင်းတွေမှာ အဖြစ်များတာပါ။ အခုတော့ နီးစပ်ရာရေတွင်း၊ ဘုံပိုင်တွေကနေ ထွန်စက်၊လှည်း စတာတွေနဲ့ ရေခပ်နေရပါတယ်” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းတိုက်ခိုက်မှုများရှိလာနိုင်သည့်အတွက် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများကို ရှောင်တိမ်းခိုင်းထားခြင်းဖြစ်သည်။
လတ်တလောတွင် ဥသျှစ်ကုန်း၊ မိုင်းဒိုင်း၊ ပေကုန်း စသည့်ရွာများအပါအဝင် ရွာပေါင်း ၇ ရွာမှဒေသခံ ၄၀၀၀ ခန့်စစ်ဘေး ရှောင်နေရသည်။
အဆိုပါ စစ်ဘေးရှောင် ၄၀၀၀ ရှိသည့်အနက် လူဦးရေ ၁၀၀ ခန့်မှာ ဝမ်းရောဂါများဖြစ်ပွါးနေခြင်းဖြစ်သည်ဟုကူညီသူတစ်ဦးကပြောသည်။
စစ်ဘေးရှောင် ကူညီသူတစ်ဦးက“မြို့ပေါ်မှာ ဆွေမျိုး၊ မိဘ အသိုင်းအဝိုင်း၊ အပေါင်းအသင်းရှိတဲ့လူတွေတော့ မြို့ပေါ်ကိုရှောင်ကြပါတယ်။ အများစုက တောထဲမှာ ရှောင်နေကြရတယ်” ဟုဆိုသည်။
တကောင်းတိုက်နယ်အတွင်း စစ်ကြောင်းထိုးလာသော မကွေးတိုင်းအခြေစိုက် တပ်မ ၈၈ လက်အောက်ခံစစ်ကြောင်းနှင့် တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အတွင်းထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့သည်။
ဧပြီလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီက တကောင်းတိုက်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့ရာ နေအိမ်တစ်လုံးပျက်စီးပြီး နွားသုံးကောင်သေဆုံးခဲ့သည်။
ပုံစာ–တကောင်းစစ်ဘေးရှောင်များ သောက်သုံးရေခပ်နေသည့်မြင်ကွင်း။
Photo-Crd
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3650
Website ->https://eng.thanlwinkhet.net