Saw Smith
ဧပြီ ၁၄ ၊ ၂၀၂၃ ။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် ယခုလဆန်းပိုင်းတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း၌ ကျားသစ်နက်နှင့်ကော်ဘရာစစ်ကြောင်းတို့မှ ရဲဘော်၇ဦးကျဆုံးခဲ့သည်။
ပြီးခဲ့သောမတ်လ ၂၅ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်၌တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ယခုလ၁ရက်မှ ယနေ့ ၁၃ရက်အထိ မြဝတီမြို့အနီး၌ နေ့စဥ်နီးပါးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
တပ်မဟာ ၆ KNU/KNLA ပူးပေါင်းတပ်ဖွဲ့ ၊ကျားသစ်နက်စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း ၊ Federal Wings ၊ Golden Eagle ၊ရောင်နီတို့နှင့် ပူးပေါင်းပြီး မြတီမြို့အနီးနေရာအများအပြားအား ဖြန့်ကျက်နေရာယူကာ စစ်ဆင်ရေးအား ဆက်လက်ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်၊ BGFတပ်တို့နှင့်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သည်။
ထိုတိုက်ပွဲများ၌ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ (၁) မှ ရဲဘော်ဘီလူး ၊ တပ်ခွဲ (၂) မှ ရဲဘော်တိုင်းကျော် နှင့် ရဲဘော် ၁၆ ၊ တပ်ခွဲ (၃) မှ ရဲဘော်ဟင်္သာ ၊ စစ်ကြောင်းရုံး လက်ရုံးတပ်ဖွဲ့မှ ရဲဘော်မျိုးမင်းတို့ကျဆုံးခဲ့သည်။ ကော်ဘရာစစ်ကြောင်းမှလည်း ရဲဘော်သန့်ဇင်နှင့်ရဲဘော်ဖိုးခွားတို့ ကျဆုံးခဲ့သည်။
” မြို့သစ်နဲ့ ကျောက်မိုင်းဘက်မှာထိတာများတယ်။ ကျောက်မိုင်းဘက်မှာ ၂ ယောက်ကျတယ်။ မြို့သစ်ဘက်မှာ ၃ ယောက်ကျသွားတယ်။ လက်နက်ကြီးထိတာနဲ့ မြေပြင်က ပွိုင့် ၅ ထိပြီးကျတာ ။ ပွိုင့် ၅က စနိုက်ပါလဲရှိသလိုလေယာဥ်ပေါ်ကပစ်တာလဲရှိတယ် “ဟု တိုက်ပွဲတွင်းပါဝင်ခဲ့သည့် PDF ရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
ပူးပေါင်းစစ်ကြောင်းများက BGF ဗိုလ်မုတ်သုန် ၁၀၂၂ တပ်ရင်းရှိရာ အတွင်းမဲကနယ်တစ်ကျောမှမြဝတီတိုးချဲ့ရပ်ကွက် မဲကနယ်မြို့သစ်ဘက်များနှင့် မြဝတီမြို့အနီးနေရာများရှိ စစ်ကောင်စီစခန်း၊ BGFစခန်းများကိုတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုများအတွင်း၌ စစ်ကောင်စီနှင့်BGF စခန်းများ၊ ကျောက်မိုင်းတွင်းများနှင့် လက်နက်ခဲယမ်းများစွာတို့ကို ပူးပေါင်းစစ်ကြောင်းများက သိမ်းပိုက်နိုင်ခဲ့သည်။
ယခုလ၁ရက်မှ၁၃ရက်ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီနှင့်BGFတို့မှ ၄၅ ဦး သေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
မြဝတီမြို့အနီးတိုက်ပွဲများတွင် အထိနာခဲ့သောစစ်ကောင်စီတပ်သည် အတွင်းမဲကနယ်ရှိ နေအိမ် ၃၀ ကျော်နှင့် ဘုရားကျောင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် PDF ရဲဘော်များကပြောသည်။
” အစကကျွန်တော်တို့က မဲကနယ်တိုးချဲ့မြို့သစ်ထိနေရာယူထားတာ။ ပထမတစ်ခါဆုတ်တော့ မြို့သစ်အပြင်နားလေးဘဲ။ နောက်တစ်ခါဆုတ်တော့ အတွင်းမဲကနယ်အထိ။ စကစ နဲ့ BGF ပူးပြီးစစ်ကြောင်းထိုးတာ။ သူတို့က တိုးလာတယ်။ တိုးမရရင်ပြန်ဆုတ်တယ်။ ပြီးရင်နေအိမ်တွေကို မီးရှို့တယ်။ လက်နက်ကြီးပစ်မှတ်ပေး သလိုကို ရှို့တာ “ဟု PDF ရဲဘော်တစ်ဦးကသံလွင်ခက်ကို ပြောသည်။
မြဝတီမြို့အနီးတိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်က လက်နက်ကြီးများကို နေ့ရော၊ညပါ နေ့စဥ်နီးပါးပစ်ခတ်ခဲ့သည့် လေကြောင်းပစ်ကူများလည်း မကြာခဏပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3580&preview=true
Website ->https://eng.thanlwinkhet.net