Saw Smith
ဧပြီ ၁၃ ၊ ၂၀၂၃ ။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ယခုနောက်ဆုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း၌ တင့်ကားနှစ်စီးအပါအဝင် စစ်ကောင်စီတပ်ထောက်ပို့ယာဥ် ၉စီးကိုဖျက်ဆီးနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော် CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သံလွင်ခက်ကိုပြောသည်။
ဟားခါးမြို့နယ် ချွန်ကျုံးရွာတွင် စစ်ကောင်စီတပ်ထောက်ပို့ယာဥ်တန်းနှင့် CNAအပါအဝင်ချင်းပူးပေါင်းတပ်တို့ ယမန်နေ့၊ ယနေ့တို့တွင် နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။
“နောက်ဆုံးဖျက်ဆီးနိုင်တာက ၇ စီးပါ။ တင့်ကားနှစ်စီးနဲ့ဆို စုစုပေါင်း ၉စီးပါ “ဟု စစ်ကောင်စီထောက်ပို့ယာဥ်တန်းမှ ကားများကိုဖျက်ဆီးနိုင်သည့်အခြေအနေကို ဆလိုင်းထက်နီက သံလွင်ခက်ကိုပြောသည်။
ပြီးခဲ့သောမတ်လ ၇ရက်တွင် ကလေးမြို့မှ ထွက်လာသော တင့်ကားနှစ်စီးအပါအဝင် စစ်ကောင်စီထောက်ပို့ယာဥ်တန်းအစီး ၃၀ ကို ချင်းပေါင်းတပ်များက လမ်းတစ်လျှောက်၌ မိုင်းထောင်ခြင်း၊ ဒရုန်းဖြင့်တိုက်ခြင်း၊ ခြုံခိုတိုက်ခြင်း စသည့်ဖြင့် အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းသည် အင်အား၂၀၀ ကျော်ပါပြီး ဟားခါးဗျူဟာသို့ လက်နက်၊ရိက္ခာများပို့ရန်ထွက်လာခြင်းဖြစ်သည်။
နေ့တစ်ရက်တာသွားရသည့် ကလေး-ဖလမ်း-ဟားခါးလမ်းခရီးကို တစ်လကျော်အကြာယနေ့အထိ ဟားခါးဗျူဟာသို့ မရောက်နိုင်ဘဲ ယာဥ်အားလုံးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။
“စစ်ကောင်စီတပ်ထောက်ပို့ယာဥ်တစ်စီးမှ ဟားခါးဗျူဟာထဲကို မရောက်ဘူး “ဟု ၎င်းကပြောသည်။ ထိုယာဥ်တန်းသည် ဖလမ်း-ဟားခါးလမ်းပိုင်းတွင် တိုက်ခိုက်ခံရမှု၌ ကားများပျက်စီးမှုနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများခဲ့သည်။
ယခုနောက်ဆုံး ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် ဟားခါးမြို့နယ်ချွန်ကျုံးရွာရောက်ချိန်တွင် စစ်ကောင်စီတပ်မှတင့်ကားနှစ်စီးအပါအဝင် ယာဥ် ၁၀ စီးခန့်နှင့် အင်အား ၄၀ ခန့်သာကျန်တော့သည်ဟုသိရသည်။
ချွန်ကျုံးရွာတွင် နှစ်ရက်ဆက်ပြင်းထန်ခဲ့သောတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ရက်လုံးလာရောက်ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် ဟားခါးဗျူဟာမှလည်း စစ်ကူများလာရောက်ခဲ့ရသည်။
ပုံစာ-CNA အပါအဝင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များဖျက်ဆီးလိုက်သည့် စစ်ကောင်စီတပ် တင့်ကား။
ဓာတ်ပုံ-ပေးပို့
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3580&preview=true
Website ->https://eng.thanlwinkhet.net