သဇင်
ဧပြီ ၁၃၊ ၂၀၂၃။
လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများကို နိုင်ငံတကာဥပဒေများဖြင့် အရေးယူနိုင်အောင် ကြိုးပမ်းမည်ဟုအမျိုးသား ညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက သံလွင်ခက်ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ဥပဒေမဲ့ ကျူးလွန်မှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ သံလွင်ခက်သတင်းဌာန၏ မေးမြန်းမှုအပေါ်ယင်းသို့ ဖြေဆိုထားခြင်း ဖြစ်သည်။
“ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးပြောသွားတဲ့ ထုတ်ပြန်ချက်မှာဆိုလဲ အင်မတန်မှတုန်လှုပ် ခြောက်ခြားသွားတယ်။ဒီလိုရာဇဝတ်မှုကျူးလွန်တဲ့သူတွေ စစ်ရာဇဝတ်ကောင်တွေရဲ့တရားရေးရာမှာ အစီရင်ခံရမယ့်ရက်က နီးလာပါပြီလို့ ဆိုပြီး သူလဲပြောသွားတယ်။ကျွန်တော်တို့တွေလဲ ထိုနည်းတူစွာပါပဲ ရာဇဝတ်သားတွေကိုနိုင်ငံတကာဥပဒေအရ အရေးယူနိုင်အောင် လုပ်ဆောင်ပေးနေပါတယ်“ဟု ပြောသည်။
သို့သော်လည်း လုပ်ငန်းစဉ်နှင့် တရားစွဲဆိုနိုင်ရေးဆောင်ရွက်နေသည့် အသေးစိတ် အခြေနေများကိုတော့ ဖြေဆိုခြင်းမရှိပေ။
ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ကဖြစ်ပွါးခဲ့သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အောက် ကလေး ငါးဦးနဲ့ ၁၈ နှစ်အောက် ကလေးများအပါအဝင် လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်နေသဖြင့် ယခုထက် ပိုနိုင်သည်ဟုလည်း မြေပြင်ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ယမန်နေ့က သံလွင်ခက်ကို ပြောသည်။
” ပလဖ ရုံးဖွင့်တော့ ထမင်းကျွေးတာ ရွာသူရွာသားတွေက ထမင်းစားကြသောက်ကြလုပ်ကြတာကို လေကြောင်းကဗုံးကြဲပြီး စက်သေနတ်နဲ့ ပစ်သွားတာ ။ မနေ့က ကျွန်တော် မီးသဂြိုလ်တဲ့ထဲမှာတော့ ၁၇ ယောက်တွေ့တယ် ။ကလေးလို့ယူဆရတဲ့ဟာပေါ့ ရုပ်ပျက်ဆင်းပျက်တွေပေါ့ တချို့လည်း ၅ နှစ် ၆ နှစ်ကလေးတွေလည်း ၅ယောက်လောက်တွေ့တယ် မိန်းကလေး ၇ ယောက်တွေ့တယ် ကိုယ်တိုင်မီးသဂြိုလ်ပေးခဲ့တာပါ ” ဟု ၎င်းက ပြောသည်။
NUG ရဲ့ ရုံးဖွင့်ပွဲပြုလုပ်နေသည့်အတွက် လေကြောင်းသုံးတိုက်ခိုက်ရခြင်းဖြစ်သည် ဟုစစ်ကောင်စီစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာအသံမှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာစစ်ကောင်စီလေတပ်သည် အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ်အစောပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်လာသည်ဟု သုတေသနအဖွဲ့များက ထုတ်ပြန်သည်။
စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှစ်ပတ်လည်နေ့ကျင်းပနေသည့် ဖျော်ဖြေပွဲကို တိုက်လေယာဉ်ဖြင့် ဗုံး ကြဲချရာ လူပေါင်း ၇၀ နီးပါးသေဆုံးခဲ့သည်။
ထိုနည်းတူ ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် သြဂုတ်လတွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း နှင့်ရင်ပေါင်တိုင်ကျေးရွာ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် လည်း လူ ၃၀ နီးပါး သေဆုံးခဲ့ရသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အချက်အလက်များအရ တိုင်းနှင့်ပြည်နယ် (၁၂) ခုတွင် လေကြောင်းတိုက်ခိုက်မှု (၂၆၈) ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားများပစ်မှတ်များအပေါ် တိုက်ခိုက်မှု (၁၉၀) ကြိမ် ပြုလုပ်ခဲ့ကာ စစ်ရေးပစ်မှတ်များအပေါ်တိုက်ခိုက်မှု (၇၈) ကြိမ် ပြုလုပ်ခဲ့သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရက၂၀၂၂ခုနှစ်နိုဝင်ဘာလတွင် ထုတ်ပြန်ထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3574
Website ->https://eng.thanlwinkhet.net