Saw Smith၊ နန်းဆုပန်ခန့်
ဧပြီ ၁၁ ၊ ၂၀၂၃ ။
ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA-PC) စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူသည် ကိုယ့်ကိုယ်ကိုယ်အဆုံး စီရင်သွားသည်ဟု ( KNU/KNLA-PC) မှ ဗိုလ်မှူးကြီးစောကျော်ညွှန့်က သံလွင်ခက်ကို အတည်ပြု ပြောကြားသည်။
ဗိုလ်ချုပ်စောအယ်ခူသည် မြဝတီမြို့နယ် ထလော့တပ်ရင်းအနီးရှိ ၎င်း၏နေအိမ်တွင်ပင် ကိုယ့်ကိုယ်ကိုယ်ဗုံးခွဲ၍သက်သေသွားခြင်းဖြစ်သည်ဟု ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့်နီးစပ်သည့် သံလွင်ခက်၏ သတင်းအရင်းအမြစ် ၄ ဦးက နေ့လည် ၁၂ နာရီခွဲကျော်အချိန်တွင် ဓာတ်ပုံများနှင့်တကွ အတည်ပြု ပြောကြားသည်။
” သူ့ကိုယ်ပိုင်လက်နက်ကို BGF ကရသွားလို့ပြီးတော့ သူ့ကို သူ့အဖွဲ့သားဖြစ်တဲ့ PC ကလည်းမ၀န်းရံလို့ သူစိတ်ဓာတ်ကျပြီး Suicide လုပ်သွားတာ “ဟုKNU/KNLA-PC တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူ ကရင်တိုင်းရင်းသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ KNU/KNLA-PC အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်ညွှန်က အခြေအနေအသေးစိတ်ကို မသိရသေးဟု သံလွင်ခက်ကိုပြောသည်။
” ဖြစ်စဥ်တော့ပြောလို့မရသေးဘူး။ အတီးတို့ကဌာနချုပ်မှာ သူက ဟိုးနယ်စပ်မှာဆိုတော့လေ။ မြေပြင်အခြေအနေကိုတော့ အတီးတို့က အသေးစိတ်မသိရသေးလို့ပါနော် “ဟု ဗိုလ်မှူးကြီးစောကျော်ညွှန့်က သံလွင်ခက်ကိုပြောသည်။
ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA-PC)သည် ဗဟိုကော်မတီ၏ စည်းမျည်းစည်းကမ်းများကို မလိုက်နာဟုဆိုကာ PC အဖွဲ့ဝင် ဗျူဟာမှူးတစ်ဦးနှင့် တပ်ရင်းမှူးတစ်ဦးတို့ကို ယခုလ ၇ ရက်တွင် ထုတ်ပယ်ခဲ့သည်။
KNU/KNLA -PCမှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောလက်ကိုင်နှင့် တပ်ရင်း၇၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောကျော်ဂရောင်းတို့ကို စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူက လက်မှတ်ရေးထိုး ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ယခုသတင်းတွင် စိတ်မချမ်းမြေ့ဖွယ်သတင်းဓာတ်ပုံများပါရှိပြီး အဆိုပါသတင်းဓာတ်ပုံများအား သံလွင်ခက်၏ဝက်ဆိုက်နှင့်တယ်လီဂရမ်တို့တွင် ကြည့်ရှု့နိုင်သည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3522
Website ->https://eng.thanlwinkhet.net