ယမင်းဖူးပွင့်အောင်
ဧပြီ ၁၁ ၊၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအတွင်းကို ယနေ့ ဧပြီလ ၁၁ ရက် မနက် ၇ နာရီ၄၀ မိနစ်ဝန်းကျင်အချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဗုံးကြဲခံရမှုကြောင့် ထိခိုက် သေဆုံးသူဦးရေမှာ ယနေ့နေ့လည်ပိုင်းအထိ ၈၀ ခန့်အထိ ရှိလာသည်ဟု သံလွင်ခက်ကစုံစမ်းသိရှိရသည်။
“ဒေသခံအထိအခိုက်တော်တော်များတယ်။ သေတဲ့သူတွေလည်းရှိတယ်။ ကလေးငယ်တွေလည်းပါတယ်” ဟု ကန့်ဘလူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
ထိခိုက်သေဆုံးသူများတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ခေါင်းဆောင်အများစုပါဝင်ပြီး ကလေးငယ် အယောက် ၃၀ခန့်လည်း ပါဝင်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ပကဖ ခေါင်းဆောင်အများစု ပါသွားတယ်။ကလေးက အယောက် ၃၀။ လူကြီး ၅၀ လောက် ရှိတယ်။ ဆေးရုံကိုထိခိုက်ဒဏ်ရာ ရရှိသူ ၂၅ ယောက်ရောက်တယ်။ အဲ့ထဲမှာ ၂ ယောက်ဆုံးသွားပြီ” ဟု၎င်းကပြောသည်။
ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မုံရွာမြို့နယ် အနောက်မြောက်ပိုင်း စစ်ဌာနချုပ်နှင့် တံတားဦးလေတပ်စခန်းက စစ်ကောင်တပ်ဖွဲ့ဝင်များက ဂျက်ဖိုက်တာတစ်စီးနှင့် ရဟတ်ယာဉ် Mi 35တစ်စီး တို့ဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။
” ဂျက်ဖိုက်တာနဲ့က ဗုံးတစ်လုံးကြဲတယ်။ သုံး၊လေးမိနစ်လောက်နေတော့ Mi 35 နဲ့လာပြီး စက်သေနတ်( Machine gun )နဲ့ပစ်သွားတာ” ဟုပြောသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ကျန်ရှိနေသည့် ဒေသခံပြည်သူအများစုမှာ စိုးရိမ်မှုလွန်ကဲကာ နေရပ်ပြန်နိုင်ခြင်းမရှိသေးပေ။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးနေသည့် ရုပ်အလောင်းများ၊ ပျက်စီးနေသည့် အဆောက် အအုံနှင့်ပစ္စည်းများအား ရိုက်ကူးထားသည့်ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် ညပိုင်းကလည်း ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာတွင် KIO တည်ထောင်ခြင်း ၆၂နှစ်မြောက် အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းပစ်ခတ်တိုက် ခိုက်မှုပြုလုပ်ခဲ့သဖြင့် လူ ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ဖူးသည်။
ယခုသတင်းတွင် စိတ်မချမ်းမြေ့ဖွယ်ဓာတ်ပုံ၊ ရုပ်သံများပါရှိပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများကို သံလွင်ခက်၏ ဝက်ဆိုက်နှင့် တယ်လီဂရမ်ချန်နယ်တို့တွင် ကြည့်ရှု့နိုင်သည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3515
Website ->https://eng.thanlwinkhet.net