သဇင်
ဧပြီ ၁၀၊၂၀၂၃။
ရခိုင်ပြည်သူများအနေဖြင့် တော်လှန်ရေးအတွက် ဆက်လက်ကြံ့ကြံ့ခံကာ စည်းလုံးမှုအပြည့်နှင့် ခရီးဆက်ကြရန်ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းပြောကြားခဲ့သည်။
ယနေ့ ဧပြီလ ၁၀ ရက်၊ ရက္ခိုင့်တပ်တော်(အေအေ) တည်ထောင်ခြင်း ၁၄ နှစ်မြောက်အထိမ်းအမှတ်အခမ်းနားတွင်ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တိုက်ပွဲသံ၊ ဗုံးလက်နက်အမြောက်ဆံတိကြားက နာကြင်မှုမျက်ရည်တိနန့် ရဲရင့်စွာ ရပ်တည်နီကတ်တေ အာရက္ခပြည်သူတိနန့် တော်လှန်ရီးကို ရောက်တေနီရာက နိုင်ရေတာဝန်ကိုထမ်းဆောင်ပီးနီကတ်တေ နိုင်ငံတကာ နန့် အဝီးရောက် ရက္ခိုင်လုပ်သားပြည်သူတရပ်လုံး၏ ရပ်တည်ကူညီမှုတိကို အထူးကျေးဇူး ဥပကာရတင်ဟိပါရေ။ဆက်လက်ပြီးကေ ကြံ့ကြံ့ခံရပ်တည်ပီးကတ်ပါ၊ စည်းလုံးမှုအပြည့်နန့် ခရီးဆက်ကတ်ပါမေ“ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
ထို့ပြင် ယုံကြည်ချက်အပြည့်နှင့် ဘဝ ၊အသက် ၊ခန္ဓာကို ပေးဆပ် တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်များကိုလည်း အသိအမှတ်ပြုကြောင်းကိုလည်း ထည့်သွင်းပြောဆိုထားသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ဘဝတိကိုရင်းပနာ ယုံကြည်ချက်အပြည့်နန့် တိုက်ပွဲဝင်ရန်အသင့်၊ တာဝန်အသီးသီးကိုထမ်းဆောင်နီကတ်တေ ရဲဘော်ရဲမယ်အပေါင်းကိုလေ့ လီးနက်စွာ အလေးဂါရဝပြုပါရေ“ဟု ပြောသည်။
တော်လှန်ရေးလောကဓံကို ရင်ဆိုင်ဖြတ်ကျော်နိုင်ရမှာဖြစ်ပြီး သွေဖီမယ်ဆိုရင် ကျွန်ဖြစ်နိုင်ပြီး သတ္တိရှိသည့် လက်တွေ့ဆန်သည့်မျိုးချစ်များအတွက် ခွန်အားနှင့် ဆုတံဆိပ်များ ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဆိုသည်။
ရက္ခိုင့်တပ်တော်ဖွဲ့စည်းတည်ထောင်ပြီးနောက် ရခိုင်ပြည်အတွင်း ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာစစ်တပ်နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၈၊၂၀၁၉၊ ၂၀၂၀ ခုနှစ်များတွင် ပြင်းထန်တိုက်ပွဲများ ရှိခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ နှစ်ဆန်းပိုင်းတွင် တကျော့ပြန်တိုက်ပွဲများပြန်ဖြစ်ခဲ့ပြီး မြန်မာစစ်တပ်လက်အောက်ခံတပ်ရင်း၊တပ်စခန်းပေါင်း ၃၀ ကျော်ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိမှာလည်း ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊တရားစီရင်ရေး၊အခွန်ကောက်ခံရေး လုပ်ငန်းများကိုလုပ်ကိုင်နေပြီး ပညာရေး၊ကျန်းမာရေး၊ဒေသဖွံ့ဖြိုးရေး၊ဝန်ဆောင်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ကာ နေရာအများစုကို လွှမ်းမိုးထားသည်ဟု AA က ထုတ်ဖော်ပြော ကြားထားသည်။
ရက္ခိုင့်တပ်တော်ကို ၂၀၀၉ခုနှစ် ဧပြီလ ၁၀ရက်နေ့ က ကချင်ပြည်နယ် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်စတင်တည်ထောင်ခဲ့ပြီး ၂၀၂၃ခုနှစ် ဧပြီလ ၁၀ရက်တွင် ၁၄ နှစ်ပြည့်ခဲ့ခြင်း ဖြစ်သည်။
ယနေ့ကျရောက်သည့် ၁၄နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန NUG အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးကလည်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3484
Website ->https://eng.thanlwinkhet.net