Saw Smith
ဧပြီ ၈ ၊ ၂၀၂၃ ။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်နယ်ခြားစောင့်တပ် BGF တပ်၏ တောင်သုံးလုံးစခန်းကိုKNLAနှင့်PDFပူးပေါင်း ကျားဖြူစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ကော့ကရိတ်–မြဝတီ လမ်းဟောင်းပေါ်ရှိ တောင်သုံးလုံး GBF စခန်းကို ယမန်နေ့ ဧပြီ၇ရက် နေ့လည်ပိုင်းတွင် ကျားဖြူစစ်ကြောင်းက သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု ကျားဖြူစစ်ကြောင်းနှင့်နီးစပ်သူ သတင်းအရင်းမြစ်ကသံလွင်ခက်ကို အတည်ပြုပြောသည်။
အဆိုပါစခန်းအား သိမ်းပိုက်လိုက်နိုင်သည့် ဖြစ်စဥ်အသေးစိတ်နှင့်ပတ်သက်၍ စစ်ရေးတင်းမာနေဆဲအခြေအနေဖြစ်သောကြောင့် လတ်တလောတွင် ပြောကြား၍ မရနိုင်သေးဘဲ စခန်းသိမ်းပိုက်နိုင်သည်ကိုသာ စစ်ကြောင်းကအတည်ပြုပြောကြားထားသည်ဟု ၎င်းကဆက်ပြောကြားသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ကျားဖြူစစ်ကြောင်းထံ သံလွင်ခက်ကဆက်သွယ်မေးမြန်းထားသော်လည်း လတ်တလောတွင် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
အဆိုပါတောင်သုံးလုံးစခန်းနှင့် နှစ်မိုင်ခန့်ဝေးသည့် လမ်းဟောင်းပေါ်ရှိကြောင်လျှာကုန်း BGF စခန်းကိုလည်း ကျားဖြူစစ်ကြောင်းက ပြီးခဲ့သော မတ်လ၂၆ရက်တွင်သိမ်းပိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။
” အဲတစ်ကြောက ဗိုလ်ကျော်သက်(ကျားဖြူစစ်ကြောင်းမှူး) ခွင်တွေချည်းပဲ ။ အခုက BGF တွေက နေရာစုံမှာတိုက်ပွဲဖြစ်နေတာ ဒီဘက်မှာအင်အားကလည်း သိပ်မရှိတော့ သိမ်းပိုက်လိုက်တာဖြစ်မယ် “ဟု လက်နက်ကိုင်အခြေအနေများသိသည့် ဒေသခံတစ်ဦးက ၎င်း၏ယူဆချက်ကိုပြောသည်။
ကြောင်လျှာကုန်း BGF စခန်းကို ကျားဖြူစစ်ကြောင်းက သိမ်းပိုက်ခဲ့စဥ်၌ ထိုစခန်းတွင် BGF တပ်ဖွဲ့ဝင် ၁၀ ဦးခန့်သာရှိပြီး ကျားဖြူစစ်ကြောင်းဘက်က ၂၅ ဦးဖြင့်ဝင်ရောက်စီးနင်းခဲ့ရာ BGF တပ်ဖွဲ့ဝင်များမှာ လက်နက်များယူဆောင်၍ ထွက်ပြေးခဲ့ကြသည်ဟု
သိရသည်။
စစ်ကောင်စီတပ်နှင့် BGFတပ်များရှိရာ မြဝတီ၊ ကော့ကရိတ်နှင့် ကျုံဒိုးမြို့နယ်တို့တွင် ပြီးခဲ့သောမတ်လ ၂၅ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး ယခုလ ၅ရက်တွင် BGF မြို့တော်ဟု လူသိများသည့် ရွှေကုက္ကိုလ်မြို့သစ်အနီးတွင်တိုက်ပွဲများကူးဆက်ဖြစ်ပွားခဲ့သည်။
မြဝတီမြို့မြောက်ဘက်ရွှေကုက္ကိုလ်မြို့သစ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့်BGFက ထိခိုက်ကျဆုံးမှုများနေပြီးယနေ့တွင်အဆိုပါဒေသဘက်သို့ BGFက တပ်အင်အားများထပ်မံ ဖြည့်တင်းခဲ့သည်ဟု ခိုင်မာသည့်သတင်းအရင်းအမြစ်များထံမှသိရသည်။
ပုံစာ–ပြီးခဲ့သောမတ်လ ၂၆ရက်တွင် ကျားဖြူစစ်ကြောင်းက သိမ်းပိုက်ဖျက်ဆီးခဲ့သည့် ကြောင်လျှာကုန်း BGF စခန်း ။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3392
Website ->https://eng.thanlwinkhet.net