သံလွင်ခက်။
ဧပြီ ၈ ၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည့် နေရာအနီးတစ်ဝိုက်ရှိဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ယင်းဒေသခံများက ပြောသည်။
ယမန်နေ့ ဧပြီ ၇ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် ပင်လုံရပ်ကွက် ကလေးမြို့ လမ်းဆုံးနားတစ်ဝိုက် မြို့လယ်ခေါင်၌ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ယင်းနေရာအနီးတစ်ဝိုက်ရှိ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” အဲ့ဒီပတ်ဝန်းကျင်နားက အရင်ဖမ်းဘူးတဲ့အိမ်ကို ဝင်ပြီး နောက်ထပ် တစ်ခါ ပြန်ဖမ်းတယ်။ သူတို့ကိုသတင်းမပို့ရကောင်းလားဆိုပြီး ဝင်ဖမ်းတာ ” ဟုဆိုသည်။
ဖမ်းဆီးခံထားရသည့် အမျိုးသား ၂ ဦးထဲမှ တစ်ဦးသည် ညပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး ကျန်တစ်ဦးသည်လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။
လုံခြုံရေးတင်းကြပ်ထားသည့်ကြားက ကလေးမြို့ပင်မသပိတ်အင်အားစုမှ အဖွဲ့ဝင်များသည် ဧပြီလ ၇ ရက်တွင်တာဟန်းခံတပ် ဖြိုခွင်းခံရမှု (၂)နှစ်ပြည့်အထိမ်းအမှတ်ဖြင့် ပြောက်ကျားသပိတ်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ပြောက်ကျားသပိတ်ပြုလုပ်ခဲ့သည့်နေရာတွင် ဗုံးထောင်ခဲ့သည်ဟု စစ်ကောင်စီက ဝါဒဖြန့်ခဲ့ပြီး ဖောက်ခွဲမှုများကို၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့သည်ဟု ကလေးမြို့ပင်မသပိတ်အင်အားစုမှ အဖွဲ့ဝင်တစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” အလံစိုက်လို့ရအောင် အောက်ကခံစရာ ဘူးတစ်လုံးလုပ်ထားတာပါ။ အဲ့ဒီစိုက်ထားတာကို ပြည်သူတွေသေစေချင်တဲ့စိတ်နဲ့ မိုင်းထားခဲ့တယ်ဆိုပြီး ဝါဒဖြန့်တယ်။ပြီးတော့ ရှင်းလင်းတယ်ဆိုပြီးမှ သူတို့မိုင်းနဲ့ ဖောက်လိုက်တယ် ” ပြောသည်။
၂၀၂၁ခုနှစ် ဧပြီ ၇ ရက် မနက်ပိုင်းတွင် ကလေးမြို့ အနောက်ဖက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ တာဟန်းသပိတ်ခံတပ်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားသုံး ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် တစ်ရက်တည်းတွင် ဒေသခံ ၁၃ ဦးသေဆုံးခဲ့ကာ ၁၀ ဦးကျော် ဒဏ်ရာရရှိပြီး ၄၀ ကျော်ဖမ်းဆီးခံခဲ့ရသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3449
Website ->https://eng.thanlwinkhet.net