ယမင်းဖူးပွင့်အောင်
ဧပြီ ၈၊ ၂၀၂၃။
မကွေးတိုင်း၊ မင်းလှမြို့တွင် ကာကွယ်ရေးပစ္စည်းစက်ရုံ( ကပစ–၁၀) ရှော့တိုက်ဒုံးနှစ်လုံးဖြင့် အပစ်ခံရပြီးနောက်NLD ပါတီဝင်ငါးဦး အဖမ်းခံခဲ့ရသည်ဟု ၎င်းတို့နှင့် နီးစပ်သည့်ဒေသခံများထံက သိရသည်။
ယနေ့နံနက်အစောပိုင်းတွင် ကပစ(၁၀) အနီးရှိ ကုန်းကြီးကျေးရွာရှိ NLD ပါတီဝင် ငါးဦးကို သံသယရှိသူအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ဗိုလ်ရန်ကြီးအောင်က သံလွင်ခက်ကိုပြောသည်။
“လုံခြုံရေးအရမ်းတင်းကျပ်ထားတဲ့ကြားက ဖောက်ခွဲခံရတာဆိုတော့ နယ်မြေခံတွေကို သံသယနဲ့ဆွဲတာပါ”ဟု၎င်းကပြောသည်။
ဖမ်းဆီးခံရသူများသည် တော်လှန်ရေးအင်အားစုများနှင့် အဆက်အသွယ်မရှိသည့် သာမန် အရပ်သားများဖြစ်သည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပြည်သူ့ရိက္ခာစားပြီး ပြည်သူများအပေါ် ယခုကဲ့သို့ ကျူးလွန်သည့် လုပ်ရပ်သည် ရှက်ဖွယ်ဖြစ်သည်ဟု Southern Magway People’s Defence Force SMPDF တာဝန်ခံ ဗိုလ်နဂါးနီက ပြောသည်။
မင်းလှမြို့ရှိ အမှတ်(၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံ ကို ယမန်နေ့ည ၈နာရီခွဲခန့်က သွားရောက်တိုက်ခဲ့ခြင်းဖြစ်ပြီးPeople’s Revolution Alliance (PRA Magway)၊ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အထက်မင်းလှပ.က.ဖ)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SMPDF)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် Key Of Revolution ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု PRA Magway ကထုတ်ပြန်ထားသည်။
လုံခြုံရေးအထူးကြပ်မတ်ထားသည့်ကြားမှ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခုစစ်ဆင်ရေးသည် ဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းခြင်းအမျိုးအစားဖြစ်သည်ဟု PRA Magway စစ်ဦးစီးချုပ် ဟာကျူလီက ဆိုသည်။
“လှည့်ကင်းတွေ ဝပ်ကင်းတွေ ကင်းအထပ်ထပ်ချထားတယ်။တချို့နေရာတွေဆို မိုင်းတွေချထားတယ်။ အဲလိုကြားကနေဆိုတော့ အခက်ကြုံရတာရှိတယ်။သတင်းအချက်အလက်တွေစုဆောင်းပြီးမှ စစ်ဆင်ရေးဖော်ဆောင်တာပါ“ဟု ၎င်းကဆိုသည်။
အဆိုပါဖြစ်စဉ်ကြောင့် စက်ရုံဝင်းအတွင်းရှိ အဆောက်အဦးများမီးလောင် ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှုအခြေအနေကို သံလွင်ခက်က စုံစမ်းနေဆဲဖြစ်သည်။
အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံသို့ ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံမှ စစ်လက်နက်ထုတ်လုပ်ရေးပိုင်းဆိုင်ရာ ပညာရှင်များရောက်ရှိနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုမှုများရှိသော်လည်း သံလွင်ခက်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
မင်းလှမြို့အနီးတဝိုက်တွင် အမှတ် ၂၊ ၁၀ နှင့် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံသုံးခု အခြေစိုက်ထားပြီး စစစ်ကောင်စီ၏ ကာကွယ်ရေး ပစ္စည်းများထုတ်လုပ်နေသည့် စက်ရုံဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို RPG၊ ရှော့တိုက်ဒုံးများဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခဲ့ဖူးသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3445
Website ->https://eng.thanlwinkhet.net