သံလွင်ခက်။
ဧပြီ ၈၊ ၂၀၂၃။
မတ်လကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်ကို မြေပြင်စစ်ကြောင်းသာမကလေကြောင်းပစ်ကူများဖြင့် ပူးတွဲ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ကချင်လွတ်မြောက်ရေးတပ်-KIA အဖွဲ့ထံက သိရသည်။
စစ်ကောင်စီတပ်က စွန့်လွှတ်လိုက်ရသည့် နယ်မြေများကို ပြန်လည်ရယူလိုသဖြင့် စစ်ကြောင်းထိုး ထိုးစစ်ဆင် နေခြင်းဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးတပ် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သံလွင်ခက်ကိုပြောသည်။
၎င်းက “၂၀၂၁ ခုနှစ်ရဲ့ နောက်ပိုင်းမှာ စစ်ကောင်စီက အရင် သူတို့ အုပ်ချုပ်ခဲ့တဲ့နေရာတွေ သူတို့ လက်လွတ်သွားတာ အများကြီး ရှိပါတယ်။ အခုက အဲ့ဒီနေရာက ဒေသတွေ၊ ရွာတွေကို သူတို့က (စစ်ကောင်စီတပ်) ပြန်ပြီးတော့အုပ်ချုပ်ရေးယန္တရားပြန်ချချင်လို့ သူတို့အနေနဲ့ နယ်မြေရှင်းလင်းရေးပေါ့နော် အဲလိုလုပ်ဖို့ စစ်ကြောင်းတွေ ထိုးတာ” ဟုပြောသည်။
အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီလက်လွှတ်လိုက်ရသည့် နယ်မြေဒေသများကိုမူ KIA ပြောခွင့်ရက ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။
မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် တပ်မတော်နေ့တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် NUG နှင့် PDFများ ကိုကူညီထောက်ပံ့နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပြတ်ပြတ်သားသားအရေးယူမည်ဟု ပြောဆိုခဲ့သည်။
ယင်းသို့ ပြောဆိုသည့်အပေါ် ဗိုလ်မှူးကြီး နော်ဘူက “သူ့ရဲ့ အာဏာတည်တံ့ခိုင်မြဲရေးအတွက် သူရဲ့ အာဏာကိုဆက်ထိန်းနိုင်ဖို့အတွက် ခြိမ်းခြောက်တဲ့ စကားဖြစ်မယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်” ဟုပြောသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်က မတ်လ ၂၃ ရက်နေ့မှစတင်ပြီး အင်အား၁၅၀ ဦးခန့်ဖြင့် စစ်ကြောင်းသုံးခုခွဲကာ မြေပြင် ခြေလျင်စစ်ကြောင်းဖြင့် စစ်ရေးလှုပ်ရှားနေပြီး ကချင်လွတ်မြောက်ရေးတပ် KIA၊ ဒေသခံကာကွယ်ရေးတပ် KPDF ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
စစ်ကောင်စီတပ်သည် ရွှေကူမြို့နယ်ကို နှစ်ပတ်အတွင်း လေကြောင်းဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခဲ့သည်ဟု ရှေ့တန်းရောက်ရဲဘော်များထံမှသိရသည်။
ဗုံးကြဲတိုက်မှု ဖြစ်စဉ်များကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး မြေပြင်စစ်ကြောင်း၏ မီးရှို့ မှုကြောင့်ဒေသခံနေအိမ် ၁၀၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ရသည်။
တဆက်တည်းတွင် ဧပြီလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကချင်ပြည်နယ် နှင့် နီးစပ်လျှက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြိုတွင် KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ၂ ရက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီခေါင်းဆောင် အနေဖြင့် မြန်မာနိုင်ငံ အရေးကို ယခုကဲ့သို့ စစ်ရေးဖြင့် ခြိမ်းခြောက်အုပ်ချုပ်မည်ဆိုလျှင် ငြိမ်းချမ်းရေးရနိုင်မည်မဟုတ်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“ပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အရေးကို အခုလိုမျိုး စစ်ရေးခြိမ်းခြောက်ပြီးမှ အုပ်ချုပ်မယ်ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုတာ ရနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်က အဲလိုပြောလိုပါတယ်” ဟုပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲရန် လိုအပ်ပြီး NUG၊ PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြေလည်မှုမရရှိလျှင် ယနေ့ ဖြစ်ပွားလျက်ရှိသည့် ပြည်တွင်းစစ်မှာ ချုပ်ငြိမ်းမည်မဟုတ်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
တိုက်ပွဲများကြောင့် ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်း စီမူလေး၊ စီမူကြီး၊ စီတောင်၊ မံဝိန်း၊ နန့်လန်၊ နောင်လက်ကြီး၊ဝင်းဝ၊ စီသာ၊ မံနား အပါအဝင် အနီးနားဝန်းကျင်ရှိ ကျေးရွာ ၁၂ ရွာက ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးရှောင်နေရသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3443&preview=true
Website ->https://eng.thanlwinkhet.net