သံလွင်ခက်။
ဧပြီ ၄၊ ၂၀၂၃။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဧပြီလ ၃ ရက်နေ့ ည ၇ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် KIA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခဲ့သည်။
အဆိုပါ မိုင်းဆွဲတိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုရှေ့တန်းရဲဘော်များ ထံက သိရသည်။
စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၃၆) သည် အင်အား ၁၀၀ ဦးခန့်ဖြင့် စစ်ရေးလှုပ်ရှားနေစဉ် ငဘတ်ဝကျေးရွာအဝင် သင်္ချိုင်းကုန်းအနီးတွင် မိုင်း ၆ လုံးဆွဲခံခဲ့ရခြင်းဖြစ်သည်ဟု ရှေ့တန်းရောက် ရဲဘော် တစ်ဦးကသံလွင်ခက်ကို ပြောသည်။
“သူတို့ဘက်က တစ်ယောက်သေပြီး ခုနှစ် ယောက်ဒဏ်ရာရတယ်။ သေသွားတဲ့သူရဲ့ ရာထူးတော့ မသိရသေးဘူး။အတိအကျထပ်စီစစ်နေပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေကူမြို့နယ်သို့ လူအင်အား ၊လက်နက်အင်အားများ ဖြည့်တင်းနေပြီး KIA တပ်ရင်း ၁၂ ရှိရာဘက်သို့ စစ်ကြောင်းသုံးခုခွဲ၍ စစ်ရေးလှုပ်ရှားနေသည်ဟု အခြား မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အဝင်ဝကိုဝင်တာ တစ်ကြောင်း၊ ကချင်စုဘက်မှာ တစ်ကြောင်းပေါ့၊ ငဘတ်ကြီးကနေ ပန်းတင်ဘက်ကို ထိုးမယ့်ကြောင်းက တစ်ကြောင်းပေါ့။ သူတို့ စစ်ကြောင်း သုံးကြောင်းခွဲပြီး ပြန်တက်မယ့် အစီစဉ်ရှိတယ်လို့ သုံးသပ်ရတယ်” ဟု ၄င်းကပြောသည်။
ရွှေကူမြို့နယ်တွင် အဆိုပါ စစ်ကြောင်းများသာမက တပ်မ (၈၈) လက်အောက်ခံ စစ်ကြောင်းသည်လည်း ရှေ့တစ်ပတ်မှစတင်ကာ မံဝိန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ယနေ့ချိန်ထိ တပ်စွဲထားသည်ဟု ၎င်းက ဆက်ပြောသည်။
လတ်တလောတွင် ရွှေကူမြို့နယ်ရှိ နန့်လှန်ကျေးရွာ၊ စီမူကြီးကျေးရွာ၊ စီမူလေးကျေးရွာ အပါအဝင် မံဝိန်းကျေးရွာ၊စီသာကျေးရွာနှင့် စီသောင်ကျေးရွာက ဒေသခံတစ်သောင်းခန့် ဘေးလွတ်ရာသို့ တိုက်ပွဲတိမ်းရှောင်နေရသည်။
ပုံစာ–ရှေ့တန်းစစ်မြေပြင်မှ KIA တပ်ဖွဲ့ဝင်တစ်ဦး(ပုံဟောင်း)
Photo-Crd
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3376
Website ->https://eng.thanlwinkhet.net