သဇင်
ဧပြီ ၄၊၂၀၂၃။
ရှမ်းပြည်နယ်တောင်ပိုင်း ၊လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင် RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA )တပ်ဖွဲ့က RCSS/SSA တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု RCSSဘက်က ယမန်နေ့ကထုတ်ပြန်သည်။
ဧပြီလ ၃ ရက်၊ နေ့လည် ၁၁ နာရီခန့်တွင် မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု နမ့်ပါတက်ကျေးရွာအနီးရှိRCSS/SSA တပ်စခန်းအား အင်းအား ၅၀ ခန့်ရှိ PNLO/PNLA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲချိန် ၂ နာရီနီးပါးကြာမြင့်ခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကဒူးကြီးဒေသသည် RCSS/SSA တို့၏ နယ်မြေမဟုတ်ဘဲ RCSS/SSA တပ်ဖွဲ့ဝင်များက ချောင်းမြောင်းပစ်ခတ်သည့်အတွက် တိုက်ပွဲဖြစ်ရခြင်းဖြစ်သည်ဟု PNLO/PNLA တာဝန်ရှိသူတစ်ဦးမှ သံလွင်ခက်ကိုပြောသည်။
“အဲ့ဒေသက PNLO/PNLAရဲ့ အခြေပြုဒေသဖြစ်တယ်။ ကဒူးကြီးဒေသဆိုတာ သူတို့နေရမယ့်နေရာမဟုတ်ဘူး။သူတို့ကိုသွားတိုက်တာမဟုတ်ဘူး။ကျွန်တော်တို့လူတွေရေသွားခပ်တဲ့ခါ သူတို့ဘက်ကချောင်းမြောင်းပစ်ခတ်တာ၊ကျေးရွာသားတွေဆီကနေ မကြာခဏဆက်ကြေးတောင်းတာတွေလုပ်တာကို နယ်မြေခံတပ်မှူးတွေက မခံနိုင်လို့တိုက်ပွဲတွေဖြစ်တာ“ဟု ၎င်းက ပြောသည်။
အဆိုပါထိတွေ့မှု ဖြစ်ပွားခဲ့သောနေရာသည် PNLO/PNLA ဌာနချုပ်နှင့် နီးစပ်ရာနေရာဖြစ်သည်ဟုPNLO/PNLAဘက်က ပြောသည်။
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကလည်း ကဒူးကြီးကျေးရွာအုပ်စုအတွင်း PNLO/PNLA တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ်လ ၃၁ ရက်နေ့တွင်လည်း နမ့်ပါတက်ကျေးရွာအနီးတွင် ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့သည်ဟုRCSSက ထုတ်ပြန်ထားသည်။
ယင်းထိတွေ့ပစ်ခတ်မှုနှင့် ပတ်သက်၍ RCSS/SSA နယ်မြေခံတာဝန်ရှိပုဂ္ဂိုလ်များမှ PNLO/PNLA ဥက္ကဋ္ဌ ခွန်သူရိန်ထံသို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြဿနာဖြေရှင်းရန် အကြောင်းကြားစာ ကမ်းလှမ်းပေးပို့ထားသည်။
တွေ့ဆုံဆွေးနွေးမှုအတွက် ပြန်လည်ဖြေကြားမှုမရှိသေးခင် PNLO/PNLA တပ်ဖွဲ့က ယခုကဲ့သို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည် RCSS/SSA ၏ ကမ်းလှမ်းချက်အား ပြန်လည်တုန့်ပြန်အဖြေပေးခြင်းပင်လောဟု စဉ်းစားဖွယ်ဖြစ်လျက်ရှိသည်ဟု RCSS/SSA တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။
ရှမ်းပြည်တွင် နှစ်ပေါင်းများစွာ အတူတကွနေထိုင်လာကြသည့် တိုင်းရင်းသားများဖြစ်သောကြောင့် RCSS/SSA အနေဖြင့် ထိတွေ့ပစ်ခတ်မှုကို အတတ်နိုင်ဆုံးရှောင်ရှားပြီး တွေ့ဆုံဆွေးနွေးမှုဖြင့် ပြဿနာဖြေရှင်းနိုင်ရေးကိုဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုဆိုသည်။
ယခုဖြစ်ရပ်များသည် နှစ်ဖက်တပ်ရဲ့ ပဍိပက္ခဖြစ်ပြီး လူမျိုးရေးနှင့်ပြဿနာ ကြီးထွားလာမှာမဟုတ်သလို နှစ်ဖက်တာဝန်ရှိသူများ ပြန်လည်ညှိုနှိုင်းပါက အဆင်ပြေသွားမည်ဟုPNLO/PNLA တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
PNLO နဲ့ RCSS တပ်ဖွဲ့များသည် NCA လက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)မှာပါဝင်ထားပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးအတွက် ၃ ကြိမ်ထက်မနည်း တွေ့ဆုံထားသည့်အဖွဲ့များ ဖြစ်သည်။
ပုံစာ-RCSS တပ်ဖွဲ့ဝင်များမြင်ကွင်း။
Photo-TN
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3373
Website ->https://eng.thanlwinkhet.net