နန်းဆုပန်ခန့်
ဧပြီ ၄၊၂၀၂၃။
ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ ၆ နယ်မြေအတွင်းလုပ်ရှားနေသည့် ကော်ဘရာစစ်ကြောင်းသည် သင်္ကန်းညီနောင်မှ မြဝတီသို့တက်လာသောစစ်ကောင်စီစစ်ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
မြဝတီဘက်သို့တက်လာသည့် စစ်ကောင်စီစစ်သုံး ၆ ဘီးကားအသေး ဖောကား၄ စီးအား ယမန်နေ့ နေ့လည် ၃နာရီဝန်းကျင်က ကြားဖြတ် တိုက်ခဲ့ခြင်း ဖြစ်သည်။
Cobra တပ်ပေါင်းစုမှ ကြားဖြတ်တိုက်ခဲ့ရာ စစ်ကောင်စီဘက်မှသေဆုံးမှုများရှိပြီး အသေးစိတ်ကိုမသိရှိရသေးဟုကော်ဘရာတပ်ခွဲ ၄၊ တပ်စု ၂ ၏တပ်စုမှူးကပြောသည်။
“ကားတစ်စီးမှာ လူအင်အား ၂၀ လောက်တော့ပါတယ် ၊ ကြားဖြတ်တိုက်နေချိန်မှာ သူတို့ (စစ်ကောင်စီ)ဘက်ကထိခိုက်သေဆုံးမှုရှိတယ်“ဟု ၎င်းက ပြောသည်။
ပြည်သူများ လတ်တလော ရွှေ့ပြောင်းနေထိုင်ရေး အဆင်ပြေမည်ဆိုပါက ကြားဖြတ်တိုက်မှုများ အရှိန်မြင့်လုပ်ဆောင်လာဖွယ်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
မတ်လ ၂၅ ရက်နံနက်အစောပိုင်းမှစတင်ကာ တပ်မဟာ ၆ နယ်မြေတွင် ကျားသစ်နက်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းများနှင့် ဒရုန်းတပ်ဖွဲ့များဖြစ်သည့် Golden Eagle၊ ရောင်နီ၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ စစ်ရေးအခြေအနေ တင်းမာလျှက်ရှိပြီး ကော်ဘရာပူးပေါင်းတပ်များအနေဖြင့် စစ်ကောင်စီထိန်းချုပ် ကုန်သွယ်ရေးဇုန်အပါအဝင် ညီနောင်ရဲစခန်းနှင့် မဲကနယ် ဗိုလ်မုတ်သုံစခန်းကိုမီးရှို့ကာ လက်နက်ခဲယမ်းနှင့်အတူ စစ်သုံ့ပန်း ၉ ဦးဖမ်းဆီးခဲ့သည်။
ပုံစာ–စစ်ဆင်ရေးတွင် တွေ့မြင်ရသည့် ကော်ဘရာတပ်ဖွဲ့ဝင် တစ်ဦး။
Photo-Cobra
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3354
Website ->https://eng.thanlwinkhet.net